“မန္တလေးငလျင်နှင့်စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်မှုလိုငွေဖြစ်ပေါ်”
25 May
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးငလျင်၏ သက်ရောက်မှုနှင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် သွင်းကုန်တန်ဖိုးမြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့ကြောင်း အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးငလျင်ကြီးကြောင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို အများအပြားတင်သွင်းခဲ့ရသည့်အပြင် ကမ္ဘာတစ်ဝန်း စက်သုံးဆီဈေးနှုန်းများ မြင့်တက် လာမှုကြောင့် သွင်းကုန်တန်ဖိုးမြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားပါတယ်။ ဒါ့အပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုလိုငွေမဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်အနေဖြင့် သွင်းကုန်အစားထိုး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ယင်းထုတ်ကုန်များကို အဓိကထုတ်လုပ်နေသည့် MSMEs လုပ်ငန်းများအား အထူးအလေးထား အားပေးမြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၆-၂၀၃၀ ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဦးစားပေး ကဏ္ဍ ၁၄ ခုနှင့် အထောက်အကူပြုကဏ္ဍ ၅ ခု စုစုပေါင်း ကဏ္ဍ ၁၉ ခုကို ရွေးချယ်ထားပြီး ယင်းအစီအစဉ်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးမှ အတည်ပြုပြီးဖြစ်ကြောင်းလည်း သိရပါတယ်။ အဆိုပါ ကဏ္ဍ ၁၉ ခုအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲအတည်ပြုပြီးပါက နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်များနှင့် ဟန်ချက်ညီစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါတယ်။ (NVS 004)