“အိမ်ဖြူတော်အနီး၌ သေနတ်ပစ်ခတ်သူကို ရဲတပ်ဖွဲ့ကအသေပစ်ခတ်ဖမ်းဆီး”
25 May
အမေရိကန်သမ္မတအိမ်တော်ဖြစ်သည့် အိမ်ဖြူတော်အနီး၌ သေနတ်ပစ်ခတ်မှုလုပ်ဆောင်ခဲ့သူ အမျိုးသား တစ်ဦးကို အထူးရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့် သည် အိမ်ဖြူတော်အတွင်းရှိနေကာ အီရန်နှင့်သဘောတူညီချက်ကိစ္စ ဆွေးနွေးနေခြင်းဖြစ်သည်။ အသက် ၂၁ နှစ်ရှိ အမျိုးသားတစ်ဦးက မေလ ၂၃ ရက်ည ၆ နာရီကျော်တွင် အိမ်ဖြူတော်လုံခြုံရေး သတ်မှတ်စည်းအတွင်းသို့ ဝင်ရောက်ကာ ၎င်း၏လွယ်အိတ်အတွင်းမှ သေနတ်တစ်လက်ကို ထုတ်ပြီးပစ်ခတ်မှု လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့နောက် အထူးရဲတပ်ဖွဲ့က အဆိုပါအမျိုးသားကို တုံ့ပြန်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်တွင် ထိုအမျိုးသားကို ဆေးရုံသို့ခေါ်ဆောင်သွားသော်လည်း ဆေးရုံရောက်ချိန်တွင် သေဆုံး နေပြီဖြစ်သည်ဟု တာဝန်ရှိသူများကပြောသည်။ အဆိုပါဖြစ်စဉ်တွင် အိမ်ဖြူတော်အနီးမှဖြတ်သွားသည့် လမ်းသွား လမ်းလာတစ်ဦးသည်လည်း သေနတ်ဒဏ်ရာရရှိကြောင်း အထူးရဲတပ်ဖွဲ့မှ ပြန်ကြားရေးအရာရှိ အန်တိုနီ ဂူလိုင်း ယယ်မီက ပြောသည်။ ပစ်ခတ်မှုလုပ်သူသည် ယခင်က စိတ်ရောဂါဖြစ်ဖူးသူဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့်လည်း ကတောက်ကဆဖြစ်ဖူးကြောင်း သတင်းဌာနများကဖော်ပြထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။