“အီရန်က သန့်စင်ပြီးယူရေနီယံများ စွန့်လွှတ်ရန် သဘောတူဟု အမေရိကန်တာဝန်ရှိသူများပြော”

25 May

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာထားသည့်သဘောတူညီချက်တွင် အီရန်နိုင်ငံက ၎င်း၏ သန့်စင်ပြီးယူရေနီယံများကို စွန့်လွှတ်ရန်သဘောတူကြောင်း အမေရိကန်အရာရှိနှစ်ဦးက ပြောသည်။ ထရမ့် က အီရန်နှင့်သဘောတူညီချက်ရရန် နီးစပ်နေပြီး ဟော်မုရေလက်ကြား ပြန်ဖွင့်နိုင်တော့မည် ဖြစ်ကြောင်း မေလ ၂၃ ရက်တွင် ပြောသည်။ သို့သော် ထရမ့်၏ ပြောဆိုမှုနှင့်ပတ်သက်၍ အိမ်ဖြူတော်ကမှတ်ချက် ပြုထားခြင်းမရှိပေ။ အမေရိကန်က ပေးထားသော အဆိုပြုချက်တွင် အီရန်က ၎င်း၏ယူရေနီယံများကို မည်မျှအထိ စွန့်လွှတ်မည်ဟူသောအချက်ကို ဆုံးဖြတ်ထားခြင်းမရှိဘဲ လာမည့်ဆွေးနွေးပွဲများကျမှသာ ဆုံးဖြတ်မည်ဟု တာဝန်ရှိသူများက ပြောသည်။ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရ အီရန်တွင် ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယံ ၄၄၀ ကီလိုဂရမ်ခန့်ရှိသည်ဟု သိရသည်။ ယခုသဘောတူညီချက်၏ အဓိကအစိတ်အပိုင်းတစ်ခုတွင် အီရန်နိုင်ငံ၏ ပြည်ပရှိ ထိန်းသိမ်းခံထားရသော ငွေကြေးဘီလီယံပေါင်းများစွာကို ပြန်လည်ထုတ်ပေးရေးပါဝင်ပြီး အီရန်အနေဖြင့်နောက်ဆုံး နျူကလီးယား သဘောတူညီချက်ကို သဘောတူပြီးမှသာ ရန်ပုံငွေများကိုရရှိမည်ဖြစ်သည်။ လက်ရှိတွင် ထရမ့်ကြေညာထားသော သဘောတူညီချက်နှင့်ပတ်သက်၍ အီရန်ဘက်က မည်သည့်ထုတ်ပြန်ချက်မျှ ထုတ်ပြန်ထားခြင်းမရှိသေး သော်လည်း ထိုသို့သဘောတူညီချက်ရရှိရန် နီးစပ်မှုမရှိသေးကြောင်း မေလ ၂၂ ရက်တွင်ပြောထားသည်ဟု ST သတင်းဌာန ဖော်ပြချက်အရ သိရသည်။

25 May

ADVERTISE HERE .