“နျူကလီးယားလက်နက် မပြန့်ပွားရေးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲပြီးဆုံး”
24 May
ကုလသမဂ္ဂဌာနချုပ်၌ကျင်းပသည့် နျူကလီးယားလက်နက်မပြန့်ပွားရေးနှင့် လက်နက်ဖျက်သိမ်းရေး ရည်မှန်းချက်များကို ပြန်လည်အတည်ပြုရန်ဆွေးနွေးပွဲကို သီတင်းပတ်လေးပတ်ကြာ ဆောင်ရွက်ခဲ့သော်လည်း သဘောတူညီချက်မရရှိဘဲ ပြီးဆုံးသွားကြောင်း ဆွေးနွေးပွဲဥက္ကဋ္ဌ ဒိုဟုန်ဗီယက် က မေလ ၂၂ ရက်တွင် ပြောသည်။ ဆွေးနွေးပွဲတွင် နျူကလီးယားလက်နက် ထိန်းချုပ်ရေးအတွက် အဓိကစာချုပ်ဖြစ်သည့် Treaty on the Non-Proliferation of Nuclear Weapons (NPT)ကို ပြန်လည်သုံးသပ်သော်လည်း ဆွေးနွေးထားသည့် စာတမ်းကိုမူ အတည်မပြုနိုင်ခဲ့ခြင်းဖြစ်သည်။ SIPRI အဖွဲ့ကထုတ်ပြန်သော အချက်အလက်များအရ ရုရှား၊ အမေရိကန်၊ တရုတ်နှင့် အခြားနျူကလီးယား လက်နက်ပိုင်ဆိုင်သော နိုင်ငံကိုးနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ နျူကလီးယားထိပ်ဖူး ၁၂,၂၄၁ ခု ရှိနေ ကြောင်းသိရသည်။ နျူကလီးယားလက်နက် မပြန့်ပွားရေးသဘောတူစာချုပ်(NPT)သည် ၁၉၇၀ ပြည့်နှစ်တွင် စတင် အသက်ဝင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံများကြား နျူကလီးယားလက်နက် ပြန့်ပွားမှုတားဆီးရန်ရည်ရွယ်ထားသည်။