“အီရန်-အမေရိကန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီမှုရရန် နီးစပ်မှုမရှိသေးဟု အီရန်ပြော”
24 Mayအီရန်နှင့်အမေရိကန်ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ သဘောတူညီမှုရရှိရန် နီးစပ်မှုမရှိသေးကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်စမေးဘာဂါအီ က မေလ ၂၂ ရက်တွင် ပြောသည်။ ပါကစ္စတန်နိုင်ငံ စစ်ဘက်အကြီးအကဲနှင့် ပြည်ထဲရေးဝန်ကြီးတို့ အီရန်နိုင်ငံသို့ ရောက်ရှိနေသော်လည်း ဆွေးနွေးပွဲများတွင် အဆုံးအဖြတ်အခြေအနေသို့ ရောက်ရှိနေသည်ဟုမဆိုလိုကြောင်း ၎င်းကပြောသည်။ ထို့ပြင် အီရန်နှင့် အမေရိကန်ကြား ကွာခြားချက်များမှာ နက်ရှိုင်းပြီးများပြားကြောင်း၊ သံတမန်ရေးဆွေးနွေးမှုများသည် အချိန်ယူရကြောင်း ဘာဂါအီ က ဆက်ပြောသည်။ ဆွေးနွေးပွဲများသည် လက်ဘနွန်အပါအဝင် တိုက်ခိုက်မှုများ အားလုံး အဆုံးသတ်ရေးကိုသာရည်ရွယ်ထားပြီး လက်ရှိအဆင့်တွင် အီရန်၏ နျူကလီးယားအစီအစဉ် မပါဝင် သေးကြောင်းလည်း ၎င်းကဆိုသည်။ Al Arabiya သတင်းဌာနက အီရန်-အမေရိကန်ငြိမ်းချမ်းရေး သဘောတူညီချက်မူကြမ်းတွင် အချက်(၉)ချက် ပါဝင်ကြောင်း ဖော်ပြထားသည်။ ယင်းတွင် အပစ်အခတ်ရပ်စဲရေး၊ စစ်ရေးနှင့် စီးပွားရေးအဆောက်အအုံများကို မတိုက်ခိုက်ရေး၊ ရေကြောင်းလွတ်လပ်စွာသွားလာခွင့်နှင့် ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေးတို့ပါဝင်ကြောင်း သိရသည်။