“ကျူးဘားက အမေရိကန်အတွက် အမျိုးသားလုံခြုံရေးအန္တရာယ်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော”
23 May
ကျူးဘားနိုင်ငံသည် အမေရိကန်နိုင်ငံအတွက် အမျိုးသားလုံခြုံရေးအန္တရာယ် ဖြစ်လာနေကြောင်းနှင့် ငြိမ်းငြိမ်း ချမ်းချမ်းနှင့် သဘောတူညီချက်ရရှိရေးမှာ ဖြစ်လာနိုင်ဖွယ်သိပ်မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ကမှတ်ချက်ပြုပြောထားသည်။ ၁၉၉၆ ခုနှစ်တွင် အမေရိကန်နိုင်ငံသားများ သေဆုံးစေသည့် လေယာဉ်နှစ်စင်းကို ပစ်ချသည်ဟူသော စွပ်စွဲချက်ဖြင့် ကျူးဘားသမ္မတဟောင်း ရောကက်စထရို ကို အမေရိကန်အစိုးရက လူသတ်မှုဖြင့် တရားစွဲဆိုပြီးနောက် မာကိုရူဘီယို က ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံအနေဖြင့် သံတမန်ရေးအရသာ ဖြေရှင်းလိုကြောင်း၊ သို့သော် အမေရိကန်နိုင်ငံကို ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တွင် အခွင့်အရေးနှင့်တာဝန်ရှိကြောင်း မာကိုရူဘီယို က ပြောသည်။ သို့ရာတွင် မာကိုရူဘီယို ၏ ပြောဆိုချက်များသည် အလိမ်အညာများသာဖြစ်နေကြောင်း၊ ကျူးဘားနိုင်ငံ အနေဖြင့် အမေရိကန်နိုင်ငံအတွက် မည်သည့်အခါကမျှ အန္တရာယ်ဖြစ်စေခြင်းမရှိကြောင်း ကျူးဘားနိုင်ငံခြားရေး ဝန်ကြီး ဘရူနိုရိုဒရီဂက် က တုံ့ပြန်ထားသည်။ အလားတူ ကျူးဘားနိုင်ငံသည် ဒေသတစ်ခုလုံးတွင် အကြမ်းဖက်သမားများကို အားပေးထောက်ပံ့ပေးနေခြင်း ဖြစ်သည်ဟူသော မာကိုရူဘီယို ၏ စွပ်စွဲချက်များကိုလည်း ဘရူနိုရိုဒရီဂက် က ငြင်းဆိုကာ အမေရိကန်အနေဖြင့် စစ်ရေးအရကျူးကျော်ရန် အကြောင်းရှာနေခြင်းဖြစ်ကြောင်းပြောထားသည်။