“ရုရှားနှင့်သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တရုတ် အဆင်သင့် ရှိဟုဆို”
22 May
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များကြားရရှိထားသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် မြှင့်တင်ရန် တရုတ်နိုင်ငံကအသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂိုကျာကွန်းက မေလ ၂၁ ရက်တွင် ပြောသည်။ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရုရှားနှင့်တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု များကို လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ နိုင်ငံ့ခေါင်းဆောင်နှစ်ဦးကြား ရရှိထားသည့် အရေးကြီးသဘောတူညီချက်များကို အကောင်အထည် ဖော်ရန်၊ သမိုင်းဝင်အခွင့်အလမ်းများကို အပြည့်အဝအသုံးချကာ နှစ်နိုင်ငံကြား အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာ စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် တရုတ်နိုင်ငံက ရုရှားနိုင်ငံနဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့ အဆင်သင့်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ဆိုက်ဘေးရီးယားစွမ်းအင်-၂ စီမံကိန်းဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန် အကျိုးစီးပွားကို အခြေခံ၍ ရုရှားနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း ဂိုကျာကွန်း က ပြောထားသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။