“၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် နည်းပညာအထက်တန်းကျောင်းများ ဝင်ခွင့်လျှောက်လွှာခေါ်ယူ”

22 May

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း များနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် Grade-9 အောင်မြင်ပြီးသူများအား ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရပါတယ်။ အဆိုပါကျောင်းများမှာ Building Technology၊ Electrical Technology၊ Electronics Technology၊ Automotive Technology၊ Information Technology နှင့် Machining Technology အပါအဝင် နည်းပညာ သင်တန်းများကို အထက်တန်းပညာရေးနှင့် တွဲဖက်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ၃ နှစ်ကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးအောင်မြင်သူများအနေနဲ့ အခြေခံပညာအထက်တန်းအောင်လက်မှတ် ရရှိမည့်အပြင် သက်ဆိုင်ရာ နည်းပညာကောလိပ်များနှင့် တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ လျှောက်ထားသူများအနေနဲ့ ၂၀၂၄-၂၀၂၅ သို့မဟုတ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် Grade-9 အောင်မြင်ထားသူများဖြစ်ပြီး Grade-10 အောင်မြင်သူ၊ ကျရှုံးသူ သို့မဟုတ် ရပ်နားထားသူများလည်း လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ကျောင်းဝင်ခွင့်လျှောက်လွှာများကို မေလ ၂၁ ရက်မှ စတင်ထုတ်ယူနိုင်ပြီး မေလ ၃၀ ရက် နောက်ဆုံးထား၍ မိမိတက်ရောက်လိုတဲ့ ကျောင်းများသို့ တင်သွင်းရမည်ဖြစ်ပါတယ်။ လျှောက်လွှာတင်ရာမှာ ကျန်းမာရေးထောက်ခံစာ၊ Grade-9 အောင်မြင်ကြောင်း ထောက်ခံစာ၊ အိမ်ထောင်စုဇယား၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာနှင့် ပတ်စပို့ဓာတ်ပုံများ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရပါတယ်။ သင်တန်းသားများကို စုစုပေါင်းရမှတ်အလိုက် ဦးစားပေးရွေးချယ်မည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိသူများအား ပညာသင်ထောက်ပံ့ကြေး၊ စာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းမှာ အထူးအောင်မြင်သူများအနေနဲ့ နည်းပညာတက္ကသိုလ်များနှင့် အစိုးရနည်းပညာကောလိပ်များသို့ ဆက်လက် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

22 May

ADVERTISE HERE .