“လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ယူနစ် ၇၀ သန်းအထိ တိုးမြှင့်လာ”
22 May
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားများကို စိစစ်ထုတ်လုပ်၍ ဧပြီလ ၂၂ ရက်မှစတင်ကာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို အဆင့်ဆင့်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အခုလိုတိုးမြှင့်ဆောင်ရွက်မှုများကြောင့် လက်ရှိမှာ နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်များသို့ နေ့စဉ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုမှာ ယူနစ် ၅၉ ဒသမ ၄ သန်းမှ ယူနစ် ၇၀ သန်းအထိ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်အား အမြင့်ဆုံးသုံးစွဲတဲ့ ဧပြီလနှင့် မေလ ကာလများအတွင်း ယခုနှစ်၏ ဖြန့်ဖြူးပေးနိုင်မှုက ယမန်နှစ် ကာလတူထက် ပိုမိုတိုးမြင့်လာကြောင်းလည်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်နေခြင်းကို လျော့နည်းစေရန် ဒေသအလိုက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ၏ ဝန်အားခံနိုင်ရည်အပေါ်မူတည်၍ ပြည်သူများ လျှပ်စစ် ဓာတ်အား ပိုမိုအသုံးပြုနိုင်ရေးကို အဆင့်လိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်သူ့ဆေးရုံကြီးများ၊ အရေးကြီးဌာနဆိုင်ရာများ၊ LNG နဲ့ ဓာတ်အားရယူထားတဲ့ စက်မှုဇုန်များနှင့် စီးပွားရေးလုပ်ငန်းများသို့ အချိန်ပြည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားပြီး ရုံးပိတ်ရက်များမှာ အများပြည်သူထံ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)