“နှစ်ပေါင်း ၈ သန်းသက်တမ်းရှိ ရှေးဦးဆင်ကျောက်ဖြစ်ရုပ်ကြွင်း ၁၉ ခု ပြတိုက်သို့လွှဲပြောင်းပေးအပ်”

22 May

နှစ်ပေါင်း ၈ သန်းခန့် သက်တမ်းရှိတယ်လို့ ခန့်မှန်းထားသော စတီဂိုလိုဖိုဒွန် ရှေးဦးဆင်၏ သွားပါအောက် မေးရိုးနှင့် အံသွားအစုံများ အပါအဝင် ကျောက်ဖြစ်ရုပ်ကြွင်း ၁၉ ခုကို မေလ ၁၈ ရက်မှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အခုလိုလွှဲပြောင်းပေးအပ်တဲ့ ရှေးဟောင်းဇီဝရုပ်ကြွင်းများတွင် စတီဂိုလိုဖိုဒွန် ရှေးဦးဆင်၏ သွားပါအောက် မေးရိုးနှင့် အံသွားအစုံများ၊ ရှေးဦးကြံ့၏ သွားပါအောက်မေးရိုးနှင့် အောက်အံသွားအစိတ်အပိုင်းများ၊ ရေမြင်းမျိုးနွယ် ဝင်တိရစ္ဆာန်၏ အောက်မေးရိုးအပိုင်းအစ၊ ရှေးဦးကျွဲနွားမျိုးစိတ်၏ ခြေဆစ်လက်ဆစ်ရိုးများ၊ ရှေးဦးသစ်ကုလားအုတ် ၏ သွားပါအောက်မေးရိုးနှင့် ဆင်အံသွားအပိုင်းအစများအပြင် အခြားနို့တိုက်သတ္တဝါများ၏ အရိုးအပိုင်းအစများလည်း ပါဝင်ကြောင်း သိရပါတယ်။ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ကိုယ်ပိုင်ထိန်းသိမ်းလိုသူများအနေနဲ့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှာ “ရှေးဟောင်းဝတ္ထုပစ္စည်း ထိန်းသိမ်းခွင့်လက်မှတ်” ရရှိရေးအတွက် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ ထိန်းသိမ်းခွင့်ရရှိသူများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရာသက်ပန် ထိန်းသိမ်းခွင့် ရရှိနိုင်ပေမယ့် လက်မှတ်သက်တမ်းမကုန်မီ သက်တမ်းတိုးလျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။ ဒါ့အပြင် ရှေးဟောင်းဝတ္ထုပစ္စည်းများနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများက နိုင်ငံတော်၏ ယဉ်ကျေးမှုအမွေအနှစ် များဖြစ်လို့ ခွင့်ပြုချက်မရှိဘဲ ပြည်ပသို့ သယ်ယူပို့ဆောင်ခြင်း၊ တူးဖော်ရှာဖွေခြင်း၊ ရောင်းဝယ်ခြင်း၊ ပုံတူပွားယူခြင်း နှင့် စီးပွားရေးအတွက် အသုံးပြုခြင်းတို့ကို ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ တားမြစ် ထားပါတယ်။ (NVS 004)

22 May

ADVERTISE HERE .