“မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာ ပူးပေါင်းဖြေရှင်းရေး ဆွေးနွေးပွဲ ကျင်းပ”
22 May
နှစ်စဉ်ဖြစ်ပွားလေ့ရှိတဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူအကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုဆွေးနွေးတဲ့ “မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာဖြေရှင်းရေးအလုပ်ရုံဆွေးနွေးပွဲ”ကို မေလ ၁၉ ရက်မှ ၂၂ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တွင် ကျင်းပလျက်ရှိကြောင်း သိရပါတယ်။ ဖွင့်ပွဲအခမ်းအနားကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး(ချင်းမိုင်မြို့)မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း တက်ရောက်ခဲ့ပါတယ်။ သန့်ရှင်းသောလေထုဖော်ဆောင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် တာဝန်ယူမှုရှိသော စိုက်ပျိုးရေးထွက်ကုန်ကုန်သွယ်မှုများ ပိုမိုဖြစ်ထွန်းလာစေရေးအတွက် အမျိုးသားအဆင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ကို ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။ ဆွေးနွေးပွဲမှာ တောင်ယာမီးရှို့မှုကင်းစင်တဲ့ ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အထများဖော်ဆောင်ရေး၊ ထုတ်ကုန်ဇစ်မြစ်ခြေရာခံနိုင်တဲ့စနစ်များ အကောင်အထည်ဖော်ရေးနှင့် “ကောင်းကင်ပြာမဟာဗျူဟာ ၂၀၂၄-၂၀၃၀” ပူးတွဲလုပ်ငန်းစီမံချက်အောက်မှာ မဲခေါင်ဒေသကို ထိခိုက်စေတဲ့ နှစ်စဉ် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအကျပ်အတည်းကို ထိရောက်စွာတုံ့ပြန်နိုင်ရေးအတွက် မြန်မာ-ထိုင်းနှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးလျက်ရှိပါတယ်။ (NVS 004)