“တရုတ်ဝယ်လိုအား မြင့်တက်မှုကြောင့် မြန်မာ့စိန်တလုံးသရက်စျေးမြင့်တက်လာ”
22 May
မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်မှုအောင်မြင်လာတဲ့အတွက် ပြည်တွင်း ဈေးကွက်အတွင်း သရက်သီးဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရပါတယ်။ စိန်တလုံးသရက်သီးများ စတင်ပေါ်ထွက်ချိန်မှာ ဈေးနှုန်းမရရှိသဖြင့် စိုက်တောင်သူများအနေနဲ့ ဈေးလျှော့ ရောင်းချမှုများ ပြုလုပ်ခဲ့ရပေမယ့် တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိလာပြီးနောက် ဈေးကွက်အခြေအနေ ပြန်လည် ကောင်းမွန်လာကြောင်း သိရပါတယ်။ လက်ရှိမှာ မြန်မာ့စိန်တလုံးသရက်သီး တန်ချိန် ၈၀ ကျော်ကို တရုတ်နိုင်ငံ ကူမင်း၊ ချန်ဒူနှင့် ချုံချင့်မြို့များရှိ သစ်သီးဈေးကွက်များသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါသရက်သီးများကို တရုတ်-မြန်မာနယ်စပ်ရှိ ချင်းရွှေဟော်ဂိတ်နှင့် ဝမ်တိန်ဂိတ်တို့မှတစ်ဆင့် ပြီးခဲ့တဲ့ မေလ ၉ ရက်နှင့် ၁၀ ရက်တို့မှာ တရားဝင်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် လက်ကျန်သရက်သီးများ အနက် အရည်အသွေးကောင်းမွန်တဲ့ အသီးများကို ဆက်လက်ရွေးချယ်ကာ တရုတ်ဈေးကွက်သို့ ထပ်မံတင်ပို့နိုင်ရေး စီစဉ်နေကြောင်း စိုက်တောင်သူများနှင့် သရက်လုပ်ငန်းရှင်များက ပြောဆိုထားပါတယ်။ (NVS 004)