“တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေး၍ ချစ်ကြည်ရေးစာချုပ်ကို ထပ်မံ သက်တမ်းတိုးရန် သဘောတူ”
21 May
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းမြို့သို့ရောက်ရှိနေသော ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် နှင့် မေလ ၂ဝ ရက်တွင် တွေ့ဆုံဆွေးနွေးပြီး တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသမှုနှင့်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေးစာချုပ်ကို ထပ်မံသက်တမ်းတိုးရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူကြောင်း သိရသည်။ ယခုနှစ်က တရုတ်-ရုရှား မဟာဗျူဟာ မြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးထူထောင်သည့် နှစ် (၃ဝ) ပြည့် နှစ်ပတ်လည်နေ့နှင့် တရုတ်-ရုရှား အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေကောင်းပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်လက်မှတ်ရေးထိုးသည့် (၂၅) နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်က ပြော သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များနှင့်ကမ္ဘာ့နိုင်ငံကြီးများဖြစ်သည့် အားလျော်စွာ မဟာဗျူဟာမြောက်ရေရှည်မျှော်မှန်းချက်ကိုထားရှိကာပိုမိုအရည်အသွေးမြင့်မားသောဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများဖြင့် နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်နှင့်ကမ္ဘာ့အုပ်ချုပ်ရေးစနစ်ကို တရား မျှတ ဆီလျော်စေရန်ဆောင်ရွက်ရမည်ဟု ရှီကျင့်ဖျင်ကပြောသည်။ ထို့ပြင် ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံ မှု၊ စွမ်းအင်၊ သိပ္ပံနှင့်နည်းပညာ၊ ပြည်သူ အချင်းချင်းဖလှယ်မှုစသည့် ကဏ္ဍစုံတွင် ဆက်လက်တိုးတက်နေပြီး နှစ်နိုင်ငံဆက်ဆံရေးက ပိုမိုမြန်ဆန်သောဖွံ့ဖြိုးတိုးတက်မှုအဆင့်သစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။