“အခွန်ရှောင်တိမ်းမှုများကြောင့် ဒေသဖွံ့ဖြိုးရေးများနှောင့်နှေးရကြောင်း ဧရာဝတီတိုင်းဒေသဝန်ကြီးချုပ် ပြောကြား”

21 May

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌အခွန် ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို မေလ ၂၀ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး အခွန်ရှောင်တိမ်းမှုများက တရားသဖြင့်အခွန်ပေးဆောင်နေတဲ့ လုပ်ငန်းရှင်များကို နစ်နာစေသကဲ့သို့ ဒေသဖွံ့ဖြိုးရေးများကို နှောင့်နှေး စေကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခွန်ဆိုသည်မှာ ပြည်သူ့မှရတဲ့အင်အားကို ပြည်သူ့ဆီ ပြန်လည်ဖြည့်တင်း ပေးခြင်းဖြစ်ပြီး အခွန်ရှောင်တိမ်းမှုများသည် တရားသဖြင့် အခွန်ပေးဆောင်နေတဲ့ လုပ်ငန်းရှင်များကို နစ်နာစေ သကဲ့သို့ ဒေသဖွံ့ဖြိုးရေးများကိုလည်း နှောင့်နှေးစေတယ်လို့ ဆက်လက်ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အခွန်လွတ်ကင်းရှောင်တိမ်းမှုများ မဖြစ်ပေါ်စေရန် ယခုကဲ့သို့အခွန်ပညာပေးရှင်းလင်းပွဲ အစီအစဉ်များကို ပြုလုပ်နေရခြင်းဖြစ်ကြောင်း၊ အခွန်ပေးဆောင်ခြင်းက မိမိတို့၏ မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်တဲ့ ပညာရေး၊ ကျန်းမာရေးနှင့် ခိုင်ခံသည့်အခြေခံအဆောက်အဦများကို အတူတကွတည်ဆောက် နေခြင်းဖြစ်ပြီး အများပြည်သူပေးဆောင်လိုက်တဲ့ အခွန်ငွေများက အခွန်ဝေစုအဖြစ်နဲ့ မိမိတို့တိုင်းဒေသကြီးဆီ ပြန်လည်စီးဆင်းဝင်ရောက်လာမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများအနေဖြင့်လည်း အများပြည်သူ၊ လုပ်ငန်းရှင် အခွန်ထမ်းများကို နွေးထွေးပျူငှာစွာ ကူညီဆောင်ရွက်ပေးကြရန်လိုပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိကြတဲ့ ဌာန ဆိုင်ရာများ၊ အခွန်ထမ်းပြည်သူများနှင့်မိမိတို့အားလုံး စိတ်တူကိုယ်တူတက်ညီလက်ညီနှင့် တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကို အရှိန်အဟုန်ကို ပူးပေါင်းမြှင့်တင်ဆောင်ရွက်ပေးသွားကြရန် ဝန်ကြီးချုပ်က မှာကြားခဲ့ပါတယ်။ (NVS 004)

21 May

ADVERTISE HERE .