“ပြည်ပနိုင်ငံပေါင်း ၂၀ နီးပါးပါဝင်မည့် အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို ကျင်းပသွားမည်”
21 May
လာမည့်ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ အဆိုပါပြပွဲတွင် လာမည့် ခရီးသွားရာသီမှာ ပြည်ပနိုင်ငံများမှခရီးသွားများ မြန်မာ့အလှနှင့်ယဉ်ကျေးမှုဒေသများကို ပိုမိုသိရှိလည်ပတ် နိုင်စေရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ စပိန်၊ ပြင်သစ်၊ အီဂျစ်၊ ချက်ကိုစလိုဗာ့ကီးယား၊ ရိုမေးနီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ နီပေါ၊ ဗီယက်နမ်၊ ဘူတန်၊ ဖိလစ်ပိုင်နှင့် အခြားနိုင်ငံများမှ ခရီးသွားဆိုင်ရာ ကုမ္ပဏီများပါဝင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်မှုကဏ္ဍတွင် ပုဂံ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ငွေဆောင်ကမ်းခြေနှင့် အခြားခရီးသွားဒေသတို့ကို အဓိကထား ဖော်ဆောင်မယ်လို့ သိရပါတယ်။ ခရီးသွားပြပွဲမှာ ပြည်တွင်း/ပြည်ပခရီးသွားဒေသများ၊ ခရီးသွားဆိုင်ရာဆွေးနွေးပွဲများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ဘဏ်များနှင့်အာမခံများ၊ ဆေးဝါးနှင့်ကျန်းမာရေးဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပခရီးသွားလုပ်ငန်း ဆိုင်ရာ ပြခန်းများနှင့် စွန့်ဦးတီထွင်ပြခန်းများကို ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ကိုဗစ်ကာလနောက်ပိုင်း ပြည်ပခရီးသွား ဝင်ရောက်မှုလျော့နည်းသွားမှုကို ပြန်လည်ဖော်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာဓလေ့များ၊ သဘာဝအလှများ၊ အပန်းဖြေကမ်းခြေများ၊ ရိုးရာအစားအစာများနှင့် ဆင်ယင်ထုံးဖွဲ့မှုများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရှားပါးတောရိုင်းတိရစ္ဆာန်များနှင့် ရှားပါးအပင် မျိုးစိတ်များကို လေ့လာကြည့်ရှုအပန်းဖြေနိုင်ရန် ယခုအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို စီစဉ်ကျင်းပခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)