“(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သာသနာ့အာဇာနည် အရှင်မြတ်များအား ချီးကျူး ပူဇော်ပွဲအခမ်းအနားကျင်းပမည်”
20 May
သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြတဲ့ သာသနာ့အာဇာနည် အရှင်သူမြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ၂၉ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မှာဖြစ်ပါတယ်။ အခမ်းအနားသို့ ကြွရောက်တော်မူကြမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိပိဋက ဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်များ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ အပါအဝင် ပင့်သံဃာ ၃၃ ပါး၊ ယခုနှစ်တွင် အောင်မြင်တော်မူကြသော တိပိဋကဓရ တိပိဋကကောဝိဒတစ်ပါး၊ မူလအာဘိဓမ္မိက သုံးပါး၊ ဒီဃဘာဏက တစ်ပါး၊ ဝိနယကောဝိဒ ခုနစ်ပါး၊ ဝိနယဓရ ၂၈ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ၁၁ ပါး၊ ဥဘတော ဝိဘင်္ဂဓရ ၄၆ ပါး စုစုပေါင်း သံဃာတော် ၁၃၃ ပါးတို့အား လှူဖွယ်ပစ္စည်းများဖြင့် ချီးကျူးပူဇော်သွားမှာဖြစ်ပါတယ်။ အလှူရှင်များအနေနဲ့ လှူဖွယ်ပစ္စည်းများကို သာသနာရေးဦးစီးဌာန စာမေးပွဲဌာနခွဲမှ ညွှန်ကြားရေးမှူး ဖုန်း ၀၉-၄၄၂၂၂၂၄၈၄၊ ဒုတိယညွှန်ကြားရေးမှူးဖုန်း ဝ၉-၄၃၀၆၇၁၆၈ သို့ဆက်သွယ်ကာ ကြိုတင်လှူဒါန်းနိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရပါတယ်။(NVS 004)