“ကွန်ဂိုနိုင်ငံအရှေ့ပိုင်း၌ အီဘိုလာဗိုင်းရပ် ကူးစက်မှုကြောင့် သေဆုံးသူ ၁၃၁ ဦးရှိလာ”
20 May
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အီဘိုလာဗိုင်းရပ် ကူးစက်မှု ကြောင့် သေဆုံးသူ ၂၁ ဦးရှိသည့်အတွက် ထိုရောဂါကြောင့်သေဆုံးသူစုစုပေါင်း ၁၃၁ ဦး ရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက မေလ ၁၉ ရက်တွင်ထုတ်ပြန်ထားသည်။ ထိုသို့ ရောဂါကူးစက်ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကလည်း အလွန်စိုးရိမ်ကြောင်းထုတ်ပြန်ထားသည်။ ထို့ပြင် လက်ရှိအချိန်အထိ ဗိုင်းရပ်ကူးစက်ခံရသည်ဟု သံသယရှိသူ ၅၁၆ ဦးနှင့် အတည်ပြုလူနာ ၃၃ ဦး ရှိကြောင်း၊ ကွန်ဂိုနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော ယူဂန်ဒါနိုင်ငံတွင်မူ အတည်ပြုလူနာနှစ်ဦးရှိကြောင်း တာဝန်ရှိသူ များက နေ့စဉ်သတင်းလွှာတွင် ဖော်ပြထားသည်။ ယခုပျံ့နှံ့နေသော အီဘိုလာဗိုင်းရပ်က ရှားပါးသည့် Bundibugyo မျိုးကွဲဖြစ်ပြီး ကူးစက်မှုမြန်ဆန်ကာ လက်ရှိအချိန်အထိ ကာကွယ်ဆေးနှင့် ကုသနိုင်သည့်ဆေးများ မရှိသေးကြောင်းသိရသည်။