“သံတောင်ကြီးဒေသထွက် ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရနေ”
19 May
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသမှာ ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်း ရနေကြောင်း သိရပါတယ်။ လိပ်သိုဒေသရှိ ဇလဲကျေးရွာအုပ်စု၊ ကော်ပတ်ခြံကျေးရွာ၊ မြသာကုန်းကျေးရွာ၊ ဘိုကလေး၊ အလယ်ချောင်း ကျေးရွာများမှ ဒူးရင်းသီး အများဆုံးထွက်ရှိတာဖြစ်ပါတယ်။ ဒူးရင်းပင်များမှာ နိုဝင်ဘာလတွင် အပွင့်များစတင်ပွင့်ခဲ့ပြီး မေလတွင် စတင်ဆွတ်ခူးနိုင်ကာ အသီးများ ကောင်းမွန်စွာရင့်မှည့်မှသာ ဆွတ်ခူးရောင်းချရပြီး အပင်ပေါ်တွင်မှည့်၍ ကြွေကျသောအသီးက အရသာပိုမိုကောင်းမွန်ကြောင်းလည်း သိရပါတယ်။ လက်ရှိမှာ ဒေသထွက်ဒူးရင်းသီးများကို အလုံးအရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်လုံးကို ကျပ် ၁၂,၀၀၀ မှ ကျပ် ၄၀,၀၀၀ ထိ စျေးရရှိနေပါ တယ်။ အဆိုပါဒူးရင်းသီးများကို ဒေသအတွင်းသာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များသို့လည်း ပို့ဆောင် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)