“လေကြောင်းပြပွဲအတွင်း အမေရိကန်စစ်လေယာဉ်နှစ်စင်း လေထဲတွင်တိုက်မိပြီးပျက်ကျ”
19 May
အမေရိကန်နိုင်ငံ အီဒါဟိုပြည်နယ်တွင်ကျင်းပသော လေကြောင်းပြပွဲ၌ အမေရိကန်ရေတပ်မှ အီလက်ထရွန်နစ်စစ်ဆင်ရေး လေယာဉ်နှစ်စင်းသည် လေထဲတွင်တိုက်မိပြီး ပျက်ကျသွားကြောင်းနှင့် လေယာဉ်မှူး လေးဦးစလုံးမှာ ဘေးကင်းစွာခုန်ထွက်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်သည် မေလ ၁၇ ရက်တွင် Gunfighter Skies အမည်ရှိ လေကြောင်းပြပွဲ၌ဖြစ်ပွားခြင်းဖြစ်ပြီး လေပေါ်၌တိုက်မိသည့် လေယာဉ်များမှာ EA-18G Growler လေယာဉ်များဖြစ်ကြောင်း၊ လေယာဉ်များသည် အလွန်နိမ့်သောအမြင့်ပေမှ နီးကပ်စွာပျံသန်းနေစဉ် တိုက်မိခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။ ယင်းနောက်တစ်နေရာအရောက်တွင် လေယာဉ်နှစ်စင်းတိုက်မိပြီး မြေပေါ်သို့ ပျက်ကျသွားခြင်းဖြစ် ကြောင်းနှင့် လေယာဉ်မှူးများမှာ လေယာဉ်မပျက်ကျမီစက္ကန့်ပိုင်းအလိုတွင် လေယာဉ်ပေါ်မှခုန်ထွက်လိုက်နိုင် ကြောင်း အွန်လိုင်းပေါ်ရှိဗီဒီယိုများတွင် တွေ့ရသည်။ ဘိုးအင်းကုမ္ပဏီကထုတ်လုပ်ထားသည့် EA-18G Growler လေယာဉ်သည် လေယာဉ်တင်သင်္ဘော အခြေပြုပျံသန်းနိုင်သည့်လေယာဉ်ဖြစ်ပြီး အီလက်ထရွန်နစ်စစ်ဆင်ရေး ဆောင်ရွက်နိုင်စွမ်းရှိကြောင်း တာဝန်ရှိသူများကပြောသည်ဟု ST သတင်းဌာနဖော်ပြချက်အရ သိရသည်။