“စစ်ကိုင်းမြို့မှာ ငလျင်ဘေးပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်”

18 May

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကနေ သိရပါတယ်။ မေလ ၁၅ ရက်က မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ တင်မောင်လှိုင်၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊ လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်အောင်အပါအဝင် တာဝန်ရှိသူများက စစ်ကိုင်းမြို့ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများရုံး (စစ်ကိုင်းရုံးခွဲ)သို့ သွားရောက်ခဲ့ကြပါတယ်။ အဆိုပါခရီးစဉ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့တဲ့ အဓိကလုပ်ငန်းစဉ်များမှ ငလျင်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ရင်းနှီးစွာတွေ့ဆုံကာ လုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြပြီး ကြက်ခြေနီသိုလှောင်ရုံမှာ ကယ်ဆယ်ရေးပစ္စည်းများ ထားသိုရန်ပြင်ဆင်နေတဲ့ အခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် မန်းကျည်းကုန်းကျေးရွာရှိ ရွေ့လျားဆေးကုခန်းသို့ သွားရောက်ပြီး ဒေသခံပြည်သူများအား ပဏာမကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် လေးကျွန်းမြေအုဌ်ကျောင်းဆရာတော် ဦးဓမ္မပီယလင်္ကာရ ကို ဖူးမြော်ကြည်ညိုကာ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဘာသာရေးအဆောက်အဦများ ပြန်လည်ထူထောင်ရေးအတွက် အသင်းမှ ကူညီလှူဒါန်း နိုင်မည့် အခြေအနေများကို လျှောက်ထားခဲ့ပါတယ်။ အဲဒီနောက် အလုပ်အမှုဆောင်နှင့်အဖွဲ့က စစ်ကိုင်းရုံးခွဲမှ ကြက်ခြေနီဝန်ထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ပြီး ငလျင်ဘေးတုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြက်ခြေနီအခြေခံမူများနှင့်အညီ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)

18 May

ADVERTISE HERE .