“မုံရွာမြို့မှာ လာမည့်ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံကြရန်အသိပေးနှိုးဆော်”
18 May
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများ အားလုံးပညာသင်ယူမှု မဆုံးရှုံး၊ မနစ်နာစေရေးအတွက် ကျောင်းအပ်နှံကြရန်နှင့် မေလ ၂၅ ရက်မှ ၃၁ ရက်အထိကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ပညာရေးဝန်ကြီးဌာနက ကြေညာထားရှိမှုများကို သိရှိစေရန်တို့အတွက် တာဝန်ရှိသူများက မေလ ၁၄ ရက်မှစတင်၍ လိုက်လံအသိပေးနှိုးဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ တာဝန်ရှိသူများက မုံရွာမြို့ပေါ် ရပ်ကွက်များ၊ လမ်းများတစ်လျှောက်ရှိ လူစည်ကားရာဈေးများ၊ ကားဂိတ်၊ ဆေးရုံနှင့် ဘူတာရုံများမှာ အသိပညာပေးနှိုးဆော်ခြင်းများကို မော်တော်ယာဥ်များဖြင့်ဆောင်ရွက်လျက်ရှိပါတယ်။ အသက် ၅ နှစ်အရွယ်ကလေးများကို KG၊ အသက် ၆ နှစ်အရွယ်ကလေးများကို Grade-1၊ ကျောင်းနေအရွယ် ကလေးများအားလုံးကျောင်းတက်နိုင်ရေး ကျောင်းအပ်နှံပေးကြရန်၊ မိဘအုပ်ထိန်းသူများအနေနဲ့ မြို့နယ်အလိုက် သတ်မှတ်နယ်မြေများမှာကျောင်းအပ်နှံရန်၊ ကျောင်းအပ်နှံရာမှာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ နှင့် အခြားဝန်ထမ်းများကို ငွေကြေး(သို့)လက်ဆောင်ပစ္စည်းများကို ပေးအပ်ခြင်း လုံးဝ(လုံးဝ)မပြုလုပ်ကြရန်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန်၊ မိမိတို့၏ သား/သမီးများ ပညာရည်တိုးတက်မြင့်မားရေး အတန်းပညာနောက်ကျမှုမရှိစေရေးတို့အတွက် ပညာရေးဌာနထံ အမြန်ဆုံးကျောင်းအပ်နှံကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရပါတယ်။(NVS 004)