“မြို့များသည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်ပြီး မြို့တစ်မြို့ချင်းစီအလိုက် ကောင်းအောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံကိုကောင်းအောင် တည်ဆောက်နေခြင်းပင်ဖြစ်”
17 May
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့် မေလ ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြားခဲ့ပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦးနှင့် ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အဆင့်မြင့်အရာကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတက MSME လုပ်ငန်းများနှင့်ပတ်သက်၍ ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစုနှင့် လူသား အရင်းအမြစ်များရှိမှသာ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည်ပင် SME လုပ်ငန်းကိုအခြေခံ၍ စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ဆက်လက်၍လည်း ဆောင်ရွက်နေကြဆဲဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းကိုအသုံးပြု၍ စားသောက်ကုန်လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ပြီး ပြည်တွင်း၌လိုအပ်လျက်ရှိသည့် လူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်သွားနိုင်ရန် လိုကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ပြီး ထုတ်ကုန်များအား ပြည်ပသို့ တင်ပို့ နိုင်ခြင်းဖြင့် နိုင်ငံခြားငွေများ တိုးတက်ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြို့များသည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်ပြီး မြို့တစ်မြို့ချင်းစီအလိုက် ကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံကိုကောင်းအောင် တည်ဆောက်နေခြင်းပင်ဖြစ်၍ မိမိတို့မြို့ ဖွံ့ဖြိုးတိုးတက်စေရေး ဒေသခံ များနှင့် ဒေသတွင်တာဝန်ထမ်းဆောင်နေသူများ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားခဲ့ပါတယ်။(NVS 004)