“အမေရိကန်က ဆွေးနွေးပွဲများဆက်လုပ်ရန် ဆန္ဒရှိနေဟု အီရန်ပြော”
16 May
အမေရိကန်နိုင်ငံသည် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း သတင်းစကားပေးပို့ထားပြီး တရုတ်နိုင်ငံအပါအဝင် မည်သည့်နိုင်ငံ၏ ကူညီပံ့ပိုးမှုကိုမဆိုကြိုဆိုကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ် အာရက်ချီ က မေလ ၁၅ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ပြုလုပ်သည့် BRICS အဖွဲ့ဝင်နိုင်ငံများအစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။ ဟော်မုရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင် က အကူအညီပေးသွားမည် ဟု ကမ်းလှမ်းထားကြောင်းနှင့် အီရန်၏စစ်မက်ရေးရာများတွင် စစ်လက်နက်ပစ္စည်းများကို ပံ့ပိုးမည်မဟုတ်ကြောင်း ကတိပြုသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကပြောပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ အီရန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများဖြစ်ပြီး သံတမန်ရေးရာ အထောက်အကူပြုနိုင်မည့် တရုတ်နိုင်ငံ၏ ကောင်းမွန်သောရည်ရွယ်ချက်များကို ကြိုဆိုကြောင်း ၎င်းကဖြည့်စွက် ပြောသည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ်တိုက်ခိုက်မှုဖြင့် စတင်ခဲ့သောပဋိပက္ခကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားသည်။