“ထိုင်းနိုင်ငံတွင် ဟန်တာဗိုင်းရပ်ကို အန္တရာယ်ရှိသော ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြောင်းကြေညာ”
16 May
ထိုင်းနိုင်ငံရှိ အမျိုးသားကူးစက်ရောဂါဆိုင်ရာကော်မတီက ဟန်တာဗိုင်းရပ်ကို အန္တရာယ်ရှိသော ကူးစက် ရောဂါအဖြစ် သတ်မှတ်ကြောင်း မေလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။ ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းကြောင့် တာဝန်ရှိသူများအနေဖြင့် ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူများတွေ့ရှိပါက သုံးနာရီအတွင်း သတင်းပို့ရမည် ဖြစ်ကြောင်း၊ ရောဂါကူးစက်မှုအတွက် စစ်ဆေးမှုကို ၁၂ နာရီအတွင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အန္တရာယ်ရှိသော ရောဂါကူးစက်သူနှင့် ထိတွေ့ထားသူများကို ၄၂ ရက်ကြာ သီးခြားခွဲထားရမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးထားသည်။ အသက်ရှူလမ်းကြောင်းမှထွက်ရှိသည့် အစက်ကလေးများမှတစ်ဆင့် ပျံ့နှံ့နိုင်စွမ်းရှိသည့်အပြင် အချို့သော မျိုးရိုးဗီဇများက လူအချင်းချင်းကူးစက်နိုင်သော ဟန်တာဗိုင်းရပ်သည် တစ်ကမ္ဘာလုံးဆိုင်ရာစိုးရိမ် ပူပန်ရသည့် ရောဂါအဖြစ် ပေါ်ထွက်လာခြင်းဖြစ်သောကြောင့် ယခုကဲ့သို့ အန္တရာယ်ရှိသောကူးစက်ရောဂါအဖြစ် သတ်မှတ်ရခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ဝန်ကြီးဌာနသည် ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် လျင်လျင်မြန်မြန်နှင့် ပူးပေါင်းတုံ့ပြန်နိုင်ရေးအတွက် ရောဂါ ရာဇဝင်စစ်ဆေးခြင်း၊ ဓာတ်ခွဲခန်းတွင်စမ်းသပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အစရှိသည်တို့ကို အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်နေသည့်အပြင် နိုင်ငံတကာအဝင်အထွက်နေရာများ၌ စောင့်ကြည့်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။