“ရန်ကုန်နှင့်မန္တလေး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများအတွက် အခန်းဖွဲ့ကာရံခြင်းလုပ်ငန်း တင်ဒါခေါ်ယူ”
15 May
ရန်ကုန်တိုင်းဒေသကြီးရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာနှင့် မန္တလေးတိုင်းဒေသကြီးရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာတို့၏ အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များကို အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။ အဆိုပါလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေနဲ့ ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှာ Lot ၁ မှ Lot ၄ အထိ ခွဲခြားဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။ Lot တစ်ခုစီတွင် (၄) ခန်းတွဲ၊ (၅) ထပ် အဆောက်အဦ ၂၅ လုံးစီ ပါဝင်ပြီး အဆောက်အဦ မြေညီထပ်များတွင် အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာကိုလည်း Lot ၅ နှင့် Lot ၆ နှစ်ပိုင်းခွဲကာ ဆောင်ရွက်မည်ဖြစ်ပြီး Lot ၅ တွင် (၄) ခန်းတွဲ၊ (၅) ထပ် အဆောက်အဦ ၂၉ လုံးနှင့် Lot ၆ တွင် အဆောက်အဦ ၂၇ လုံး ပါဝင်ကြောင်း သိရပါတယ်။ တင်ဒါပုံစံများကို မေလ ၁၂ ရက်မှ ၂၅ ရက်အထိ ဝယ်ယူနိုင်မည်ဖြစ်ပြီး တင်ဒါအဆိုပြုလွှာများကို မေလ ၂၆ ရက်နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ တင်ဒါဖွင့်လှစ်မည့် နေ့ရက်၊ အချိန်နှင့်နေရာတို့ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ပြီး တင်ဒါများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအမှတ် (၄၀) ၊ နေပြည်တော်သို့ ပေးပို့တင်သွင်းရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)