“မြိတ်ကျွန်းစုရှိ “ဝါးအလယ်ကျွန်း” သို့ ဥရောပခရီးသွားများ အများဆုံးဝင်ရောက်”

14 May

မြန်မာနိုင်ငံ၏ ထင်ရှားသော ခရီးသွားဒေသတစ်ခုဖြစ်သည့် မြိတ်ကျွန်းစုအတွင်းရှိ လန်ပိအဏ္ဏဝါ အမျိုးသား ဥယျာဉ်အတွင်းမှ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ယခုခရီးသွားရာသီအတွင်း ဥရောပနိုင်ငံများမှ နိုင်ငံခြားသား ခရီးသွားများ အများအပြား လာရောက်အပန်းဖြေခဲ့ကြကြောင်း သိရပါတယ်။ ယခုနှစ်ခရီးသွားရာသီအတွင်း ဂျာမနီ၊ ရုရှား၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီနှင့် ချက်ပြည်သူ့ သမ္မတနိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်ခဲ့ကြပြီး၊ ၎င်းတို့အနက် ဂျာမနီနိုင်ငံသားများမှာ အများဆုံး ဖြစ်ကာ ရုရှားနှင့် အမေရိကန်နိုင်ငံသားများမှာ ဒုတိယနှင့် တတိယအများဆုံး ဖြစ်ပါတယ်။ ခရီးသွားများက မြိတ်ကျွန်းစု၏ ပင်လယ်ပြင်သဘာဝအလှအပများ၊ ရှားပါးဇီဝမျိုးစိတ်များ၊ သဘာဝအတိုင်း ထိန်းသိမ်းထားတဲ့ သန္တာကျောက်တန်းများနှင့် ဒီရေရောက်တောများကို စိတ်ဝင်တစား လာရောက်လေ့လာကြခြင်း ဖြစ်ပါတယ်။ အဆိုပါဝါးအလယ်ကျွန်းအပန်းဖြေစခန်းမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသောအားဖြင့် တစ်ရက်ကို ဧည့်သည် ၄၀ ကျော်အထိသာ ကန့်သတ်လက်ခံလေ့ရှိပြီး သဘာဝသစ်သားအိမ်များ၊ ပင်လယ်အစားအစာများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ နိုဝင်ဘာလမှ ဧပြီလကုန်အထိ ခရီးသွားများ ပုံမှန်လာရောက်လေ့ရှိပြီး လာမည့်ခရီးသွားရာသီအတွက် ယခုမေလမှစတင်ကာ ကြိုတင်စာရင်းများ (Booking) လက်ခံနေပြီဖြစ်ကြောင်း အပန်းဖြေစခန်း တာဝန်ရှိသူများထံမှ သိရပါတယ်။ ဝါးအလယ်ကျွန်းတည်ရှိရာ လန်ပိကျွန်းကို ၁၉၉၆ ခုနှစ်တွင် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အသိအမှတ်ပြုခံခဲ့ရသောကြောင့် ကမ္ဘာလှည့် ခရီးသွားများအကြားတွင် ထင်ရှားကျော်ကြားသော ဒေသတစ်ခု ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ (NVS 004)

14 May

ADVERTISE HERE .