“မန္တလေး-မြစ်ကြီးနားကားလမ်းတစ်လျှောက်ရှိ မြို့ရွာများ အစိုးရအုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ရန် ဌာနဆိုင်ရာဝန်ထမ်းများ မြစ်ကြီးနားမြို့သို့ရောက်ရှိ”
13 May
မန္တလေး-မြစ်ကြီးနားဆက်သွယ်ရေးလမ်းကြောင်းအား တပ်မတော်က မေလ ၆ ရက်တွင် အပြည့်အဝပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အဆိုပါလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများတွင် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများသည် မေလ ၉ ရက်တွင် မန္တလေးမြို့မှ ထွက်ခွာခဲ့ပြီး မေလ ၁၂ ရက်တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီတင်ဆောင်လာသော မော်တော်ယာဉ် များနှင့် ကုန်ပစ္စည်းများတင်ဆောင်ပြီး ကုန်သည်များလိုက်ပါလာသည့် မော်တော်ယာဉ်များ၊ ဒေသခံခရီးသွားယာဉ်များ ပါဝင်ခဲ့ပါတယ်။ အဆိုပါ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသော မော်တော်ယာဉ်များအား စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့၊ ကသာမြို့၊ အင်းတော်မြို့နှင့် မော်လူးမြို့များသို့ရောက်ရှိစဉ် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြပြီး မြစ်ကြီးနားမြို့သို့ ရောက်ရှိချိန်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ဂုဏ်ပြုပန်းကုံးများဖြင့် ဝမ်းမြောက်စွာကြိုဆိုခဲ့ကြပါတယ်။ နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူလူထု လုံခြုံရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများပြည်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူ လူထု၏ ကျန်းမာရေးရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးစသည့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မော်တော်ယာဉ် များနှင့်ပါရှိလာသည့် အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မြို့ရွာအသီးသီးရှိ ဒေသခံပြည်သူ များအား သက်ဆိုင်ရာတာဝန်ရှိသူများမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ယခုအခါ အဆိုပါ လမ်းကြောင်းတစ်လျှောက်တွင် ခရီးသွားမော်တော်ယာဉ်များ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာလျက်ရှိကြောင်း သိရပါတယ်။(NVS 004)