“လာလီဂါချန်ပီယံဆုနဲ့ ပြင်သစ်လီဂူးချန်ပီယံဆု တစ်ရာသီအတွင်းမှာ နှစ်မျိုးစလုံးရရှိဖို့ ဒရိုဖာနန်ဒက်ဇ် နီးစပ်”
12 May
PSG အသင်းက စပိန်တိုက်စစ်ကစားသမား ဒရိုဖာနန်ဒက်ဇ် ဟာ တစ်ရာသီအတွင်းမှာ လာလီဂါချန်ပီယံဆုနဲ့ ပြင်သစ်လီဂူးချန်ပီယံဆု နှစ်မျိုးစလုံးရရှိဖို့ နီးစပ်နေပါတယ်။ ဒရိုဖာနန်ဒက်ဇ် က ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာမှ ဘာစီလိုနာကနေ PSG ကို ပြောင်းရွှေ့ခဲ့တာကြောင့် ဘာစီလိုနာအသင်းနဲ့ လာလီဂါချန်ပီယံဆုကိုရော PSG နဲ့ ပြင်သစ်လီဂူးချန်ပီယံဆုကိုပါ ရရှိဖို့နီးစပ်နေပါတယ်။ ဒရိုဖာနန်ဒက်ဇ် ဟာ လက်ရှိရာသီမှာ ဘာစီလိုနာအသင်းနဲ့ စပိန်စူပါဖလားရရှိထားသလို PSG က ချန်ပီယံလိဂ် ဗိုလ်လုပွဲဆင်နွှဲရဖို့ ရှိနေတာကြောင့် တစ်ရာသီအတွင်း အသင်းနှစ်သင်းနဲ့ ဖလားလေးလုံးအထိ ရရှိနိုင်တဲ့ အလားအလာ ရှိနေပါတယ်။ စပိန်-ဖိလစ်ပိုင် လူမျိုးဖြစ်တဲ့ ဒရိုဖာနန်ဒက်ဇ် ဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၅ ပွဲ၊ PSG အတွက် ၁၁ ပွဲ ကစားခွင့်ရထားပါတယ်။ ဒရိုဖာနန်ဒက်ဇ် ဟာ ဘာစီလိုနာကနေ PSG ကို ယူရို ၈ ဒသမ ၂ သန်းနဲ့ ပြောင်းရွှေ့ပြီး ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။(NVS 008)