“ပုဂံမြို့ရှိရှေးဟောင်းအဆောက်အအုံများ၏ မြေအောက်အုတ်မြစ်တည်ဆောက်မှုစနစ်ကို သုတေသနပြုလုပ်ငန်း များ ဆောင်ရွက်နေ”
12 May
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ခေတ်အဆက်ဆက်မှ ရှေးဟောင်းစေတီပုထိုးများ၏ မြေပြင်အောက် တည်ဆောက်မှုနည်းပညာနှင့် အုတ်မြစ်စနစ်ကို သိရှိနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က ကွင်းဆင်းတူးဖော် သုတေသနပြုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ ယခု ၂၀၂၆ ခုနှစ်အတွင်း သုတေသနပြုလုပ်မည့် နေရာများမှာ သဗ္ဗုညုဂူဘုရားအနောက်ဘက် မီးမလောင် ကျောင်းအနီးရှိ ငကျွဲနားဋောင်းစေတီ၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှေ့ရှိ ပေါက်ပင်ရာစေတီ၊ ညောင်ဦး – ပုဂံမြို့ ဟောင်းကားလမ်းဘေး မင်းအိုချမ်းသာဘုရား အရှေ့ဘက်ရှိ ရှေးဟောင်းအဆောက်အအုံ တို့ ဖြစ်ပါတယ်။ အဆိုပါတူးဖော်သုတေသနပြုနေမှုများကို စိတ်ပါဝင်စားတဲ့ သုတေသီများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာနိုင်ကြောင်း ပုဂံဌာနခွဲက ဖိတ်ခေါ်ထားပါတယ်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၂၃ ခုနှစ်မှစတင်ကာ ခေတ်ကာလမတူညီတဲ့ ရှေးဟောင်းအဆောက်အအုံ ၁၂ ခု၏ အုတ်မြစ်စနစ်ကို တူးဖော်လေ့လာခဲ့ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ သုတေသန ပြုခြင်းနဲ့ ရှေးခေတ်မြန်မာတို့၏ ဗိသုကာအတတ်ပညာနှင့် တည်ဆောက်မှုနည်းစနစ်များကို အနာဂတ်မျိုးဆက်သစ် များအတွက် မှတ်တမ်းတင်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)