“သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်မှာ ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းဆက်လက်တည်ရှိနေ”
12 May
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုူဦးစီးဌာနရဲ့ မေလ ၁၁ ရက် ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း (သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်)မှာ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်တယ်လို့ သိရပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့မှာ တိမ်ထူထပ်နေပါတယ်။ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်း လျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ထားပါတယ်။ (NVS 004)