“ဟားခါးမြို့ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၃၀၀ ကျော်ကို အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့”
12 May
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဟားခါးမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်း နေထိုင်ကြသူများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၈ ရက်က ဟားခါးမြို့မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါထောက်ပံ့မှုမှာ အိမ်ထောင်စု ၃၄၈ စုမှ လူဦးရေ စုစုပေါင်း ၁,၂၉၄ ဦးအတွက် ကျန်းမာရေးသုံးပစ္စည်း ၆၇၃ ထုပ်နှင့် အမျိုသမီးဂုဏ်သိက္ခာထိန်းပစ္စည်း ၃၃၄ ထုပ်၊ စောင် ၂၈၄ ထည်နှင့်ဆေးစိမ်ခြင်ထောင် ၃၀၀ ထုပ်၊ ကိုယ်သုတ်ပဝါ ၁၈၅ ထည် နှင့်သောက်ရေခွက် ၁၂၀ ခွက်တို့ကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါထောက်ပံ့ရေးပစ္စည်းများကို ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကြက်ခြေနီ စေတနာလုပ်အားရှင်များက ယာယီနေရပ်စွန့်ခွာသူများထံသို့ သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ နေရပ်စွန့်ခွာလာရသူများအတွက် အရေးတကြီးလိုအပ်နေသည့် ကျန်းမာရေးနှင့်အခြေခံအသုံးအဆောင် ပစ္စည်းများကို ကြက်ခြေနီအသင်းက အချိန်နှင့်တစ်ပြေးညီ ကူညီပေးနေခြင်းလည်း ဖြစ်ပါတယ်။(NVS 004)