“ခွင့်ပြန်အလုပ်သမားများအတွက် OWIC ကတ်များကို တစ်ပတ်အတွင်းအမြန်ဆုံးထုတ်ပေးမည်”
12 May
ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာတဲ့ အလုပ်သမားများအတွက် ပြည်ပ အလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးခြင်းကို အလုပ်သမားဝန်ကြီးဌာနက အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လက်ရှိအချိန်မှာ အလုပ်သမားဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အဖြစ် မေလ ၈ ရက်အထိ လက်ခံရရှိထား သော OWIC လျှောက်ထားမှုများအနက် အလုပ်သမား ၆၀၆ ဦးကိုစိစစ်ပြီးဖြစ်၍ မေလ ၁၁ ရက်မှ မေလ ၂၂ ရက် အတွင်းစတင်ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ခွင့်ပြန်အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရန် အလုပ်သမားဝန်ကြီးဌာနက OWIC အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် အချက်အလက်မှားယွင်း၍ ကတ်လဲလှယ်ခြင်းတို့ကို အထောက် အထား ပြည့်စုံမှန်ကန်ပါက(ရုံးပိတ်ရက်မပါ) ရက်သတ္တပတ်တစ်ပတ်အတွင်း အပြီးဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် OWIC ကတ်ရရှိပြီးသူများအနေနဲ့ လေယာဉ်လက်မှတ်နှင့်အတူ ပြန်လည်ထွက်ခွာခွင့်တင်ပြလာပါ က လေယာဉ်ထွက်ခွာမည့်ရက်အမီ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ OWIC ပြုလုပ်ခွင့်ရရှိသူများ၏ အမည်စာရင်းကို ဝန်ကြီးဌာန၏ Safe Migration (Facebook, Telegram, TikTok)စာမျက်နှာများမှာ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထားပါတယ်။ ယခုထုတ်ပြန်ချက်က ပြည်ပသို့ပြန်လည်ထွက်ခွာရန် အခက်တွေ့နေတဲ့ အလုပ်သမားများအတွက် အလွန် ကောင်းမွန်၍ OWIC လျှောက်ထားရာမှာ မိမိတို့ပြည်ပတွင် အမှန်တကယ်အလုပ်လုပ်ကိုင်နေတဲ့ အထောက်အထား များနှင့် ခွင့်ပြန်လာတဲ့ အထောက်အထားများကို တိကျမှန်ကန်စွာတင်ပြရန် လိုအပ်ပါတယ်။ ဒါ့အပြင် အမည်စာရင်း များကို Safe Migration ၏ လူမှုကွန်ရက်စာမျက်နှာများမှာ ကြေညာပေးမည်ဖြစ်၍ မိမိအလှည့်ကို လွဲချော်မှုမရှိစေရန် ပုံမှန်စောင့်ကြည့်သင့်ပြီး OWIC ကတ်ရရှိပြီးပါက ထွက်ခွာခွင့်ကိုအမြန်ဆုံးပြန်တင်ပြရန် လိုအပ်တာကြောင့် လေယာဉ်လက်မှတ်နှင့် စာရွက်စာတမ်းများကို ကြိုတင်၍ စနစ်တကျပြင်ဆင်ထားရမှာဖြစ်ပါတယ်။ (NVS 004)