“၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၁,၀၀၀ ကျော် တင်ပို့နိုင်”

11 May

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၁,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၀၉ သန်းရရှိခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေး ဌာနခွဲမှ သိရပါတယ်။ ပြည်တွင်းမှထွက်ရှိသော ပျားရည်များကို ပြည်တွင်း၌စားသုံးခြင်းနှင့် ဆေးဝါးထုတ်လုပ်ငန်းများတွင် အသုံးပြု ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့နေပြီး တင်ပို့ရာမှာလည်း ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့မှတစ်ဆင့် တင်ပို့လျက်ရှိပါတယ်။ ပြည်တွင်းရှိ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ပျားရည်အများဆုံး ထွက်ရှိပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကယားနှင့် ကရင်ပြည်နယ် အစရှိတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှလည်း ပျားရည်အများအပြားထွက်ရှိကြောင်း သိရပါတယ်။ ပြည်တွင်းမှထွက်ရှိသော ပျားရည်အမျိုးအစားများမှာ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ လိုက်ချီးပျားရည်၊ နေကြာပျားရည်၊ ပန်းပေါင်းစုံပျားရည်၊ ရော်ဘာပျားရည်နှင့် နှမ်းပျားရည်တို့ပါဝင်ပြီး အဆိုပါပျားရည်များကို သက်ဆိုင်ရာသီးနှံများစိုက်ပျိုးသည့် ရာသီအလိုက် စုဆောင်းရရှိခြင်းဖြစ်ပါတယ်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲအနေနဲ့ ပြည်တွင်း၌ ပျားရည်အထွက်နှုန်း တိုးတက်မြင့်မားလာစေရန် ပျားဘုရင်မမျိုးများမြှင့်တင်ကာ ဖြန့်ဖြူးပေးခြင်း၊ ကောင်းမွန်သော ပျားမွေးမြူရေးကျင့်စဉ် နှင့်အညီ မွေးမြူနိုင်စေရန် အသိပညာပေးခြင်းများ၊ နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်ဝသောပျားရည်များ ထုတ်လုပ်နိုင်စေရန် သင်တန်းများဖွင့်လှစ်ကာ နည်းပညာများ ဖြန့်ဝေပေးလျက်ရှိတယ်လို့ သိရပါတယ်။ (NVS-004)

11 May

ADVERTISE HERE .