“တရုတ်သို့ ဆန်တင်ပို့လိုသည့် ကုမ္ပဏီသစ်များ ဇွန်လကုန်နောက်ဆုံးထား လျှောက်ထားနိုင်”
11 May
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့ခွင့်ရရှိရန် အဆိုပြုလွှာ(EOI)တင်သွင်းလိုတဲ့ ကုမ္ပဏီ အသစ်များအနေနဲ့ လာမယ့် ဇွန်လ ၃ဝ ရက် နောက်ဆုံးထားပြီး လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်(MRF)မှ ထုတ်ပြန်ထားပါတယ်။ အဆိုပါ တင်ပို့ခွင့်မှတ်ပုံတင်ခြင်းကို မြန်မာနှင့်တရုတ် နှစ်နိုင်ငံအကြားစာချုပ် ချုပ်ဆိုထားသည့်အပြင် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်သဘောတူညီချက်(Sanitary and Phytosanitary-SPS Protocol) အရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မည့် ကုမ္ပဏီများသည် အဆိုပါ SPS Protocol ပါ စည်းကမ်း ချက်များနှင့် ကိုက်ညီမှုရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့တို့က နှစ်စဉ်စိစစ်လျက်ရှိ ကြောင်း သိရပါတယ်။ လျှောက်ထားလိုသည့် လုပ်ငန်းရှင်များအနေနဲ့ အဆိုပြုလွှာများကို Hard Copy (၁)စုံ နှင့် Soft Copy (Word file)များဖြင့် ပြင်ဆင်ရမည်ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်မှ အသိပေးထားပါတယ်။ လျှောက်လွှာများကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ UMFCCI (၉)လွှာရှိ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံး(သို့မဟုတ်) အင်းစိန်မြို့နယ် ရှိ စိုက်ပျိုးရေးဦးစီးဌာန(သီးနှံကာကွယ်ရေးဌာနခွဲ)သို့ လူကိုယ်တိုင်သွားရောက်တင်သွင်းနိုင်ကြောင်း ထုတ်ပြန်ထားရှိ ပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်များအဆင်ပြေစေရန်အတွက် လျှောက်လွှာပုံစံများကို စိုက်ပျိုးရေးဦးစီးဌာန၏ Website - www.doa.gov.mm၊ https://ppd.doa.gov.mm နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် Website - www.umfcci. com.mm တို့တွင်လည်း ဝင်ရောက်ရယူနိုင်ပါတယ်။ လျှောက်ထားမှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အသင်းချုပ်၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၂၁၈၂၆၆ နှင့် ၀၁-၂၃ဝ၁၁၂၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)