“၂၀၂၇ အာရှဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနား ကျင်းပပြုလုပ်”

11 May

၂၀၂၇ အာရှဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနားကို အိမ်ရှင်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင် ၂၄ သင်းကို လေးသင်းပါ အုပ်စုခြောက်ခု ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အုပ်စု A မှာ အိမ်ရှင် ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အိုမန်နဲ့ ပါလက်စတိုင်း၊ အုပ်စု B မှာ ဥဇဘက်ကစ္စတန်၊ ဘာရိန်း၊ မြောက်ကိုရီးယားနဲ့ ဂျော်ဒန်၊ အုပ်စု C မှာ အီရန်၊ ဆီးရီးယား၊ ကာဂျစ္စတန်နဲ့ တရုတ်၊ အုပ်စု D မှာ သြစတြေးလျ၊ တာဂျစ်ကစ္စတန်၊ အီရတ်နဲ့စင်ကာပူ၊ အုပ်စု E မှာ တောင်ကိုရီးယား၊ ယူအေအီး၊ ဗီယက်နမ်နဲ့ တတိယအဆင့်ခြေစစ်ပွဲ အုပ်စု B ပထမရအသင်း၊ အုပ်စု F မှာ ဂျပန်၊ လက်ရှိချန်ပီယံ ကာတာ၊ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ ကျရောက်ခဲ့ကြပါတယ်။ အာရှဖလားအအောင်မြင်ဆုံး ဂျပန်အသင်းနဲ့ နှစ်ကြိမ်ဆက်ချန်ပီယံ ကာတာအသင်းတို့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာကတော့ ထူးခြားမှု ဖြစ်ခဲ့ပါတယ်။ အဆိုပါနှစ်သင်းဟာ ကာတာအသင်း ပထမဆုံးအကြိမ် ဗိုလ်စွဲတဲ့ ၂၀၁၉ ပြိုင်ပွဲ ဗိုလ်လုပွဲမှာလည်း တွေ့ဆုံခဲ့ပြီး ကာတာအသင်းက ဂျပန်အသင်းကို ၃ဂိုး ၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ၂၀၂၇ အာရှဖလားပြိုင်ပွဲကို လာမယ့်နှစ် ဇန်နဝါရီလ ၇ ရက်ကနေ ဖေဖော်ဝါရီလ ၅ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ (NVS 008)

11 May

ADVERTISE HERE .