“ရဲရွာရေအားလျှပ်စစ်စက်ရုံမှ နှစ်စဉ် ဓာတ်အားယူနစ် ၁၀၄ သန်း ပိုမိုထုတ်လုပ်ရန် စီစဉ်နေ”

11 May

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ရေလှောင်တမံ အတွင်း ရေပိုမိုသိုလှောင်နိုင်ရန်နှင့် ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ရေပိုလွှဲ(Spillway) ပေါ်၌ Hydraulic Elevated Dam (HED) တပ်ဆင်ရန်ကာ နှစ်စဉ် ဓာတ်အားယူနစ် ၁၀၄ သန်း ပိုမိုထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က မေလ ၉ ရက်မှာ ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ နည်းပညာတပ်ဆင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ အနေနဲ့ လျှပ်စစ်ဓာတ်အားယူနစ် ၁၀၄ သန်း ပိုမိုထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး အိမ်ထောင်စုပေါင်း ၂၀,၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ စက်ရုံတာဝန်ရှိသူများအနေဖြင့် HED တပ်ဆင် နိုင်ရန်အတွက် ဖြစ်နိုင်ခြေဆန်းစစ်ခြင်း (Feasibility Study)၊ ပုံစံထုတ်ခြင်း၊ တွက်ချက်ခြင်းနှင့် Modeling Test (ပုံစံတူစမ်းသပ်မှု)များကို စနစ်တကျ ပြုလုပ်လျက်ရှိပါတယ်။ ဒါ့အပြင် မြစ်ငယ်မြစ်ဝှမ်းတစ်လျှောက်မှာ အထက်ရဲရွာ စီမံကိန်း အပါအဝင် အခြားရေအားလျှပ်စစ် စီမံကိန်းသစ်များကို ဆက်တိုက်ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိပါတယ်။ ဆက်လက်ပြီး ဝန်ကြီးက စက်ရုံနှင့် ရေလှောင်တမံကြံ့ခိုင်ရေး၊ ရေဝင်ရောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လာမည့်မိုးရာသီမှာ ဓာတ်အားအပြည့်အဝထုတ်လုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 008)

11 May

ADVERTISE HERE .