“မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ MOFA အမြဲတမ်းအတွင်းဝန်ပြောကြားခဲ့”
11 May
မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း က ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့ပါတယ်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတို့ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒေသတွင်း စွမ်းအင်နှင့်စားနပ်ရိက္ခာဖူလုံရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အာဆီယံအသိုက်အဝန်း ထူထောင်ရေးလုပ်ငန်းစဉ် များမှာ ပါဝင်ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ အစည်းအဝေးတက်ရောက်လာကြသူများက ဒေသတွင်းစွမ်းအင်ဖူလုံရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အရှေ့အလယ်ပိုင်းဒေသရောက်ရှိနေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေး၊ ပထဝီ နိုင်ငံရေးတင်းမာမှုများကြောင့် ဖြစ်ပေါ်လာတဲ့ ရေနံထောက်ပံ့မှုနှင့် ဈေးနှုန်းမတည်ငြိမ်မှု၏ သက်ရောက်မှုများကို စီမံခန့်ခွဲရန်နှင့် လျော့ပါးသက်သာစေရန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် လတ်တလော ပထဝီနိုင်ငံရေး အကျပ်အတည်းများမှရရှိတဲ့ သင်ခန်းစာများ၊ အာဆီယံအသိုက်အဝန်းထူထောင်ရာမှာ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံနှင့် ပြင်ပမိတ်ဖက်များကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အမြဲတမ်းအတွင်းဝန်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၃၁)ကြိမ်မြောက် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီအစည်းအဝေး၊ (၃၈)ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေး ကောင်စီအစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေးဝန်ကြီးများပူးတွဲအစည်းအဝေး တို့ကို တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးရလဒ်များအဖြစ် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေး၊ ရာသီဥတုနှင့်သဘာဝဘေးအန္တရာယ်ဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ ရွှေ့ပြောင်းလုပ်သား များအရေး၊ အာဆီယံ မဏ္ဍိုင်(၃)ရပ်ရှိ ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန် လုပ်ငန်းစဉ်များ၊ ကတိကဝတ်များ ပါဝင်တဲ့ စာရွက်စာတမ်းပေါင်း ၁၈ ခုကို မှတ်တမ်းတင်အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ (NVS 008)