“အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများက မြန်မာပြည်သူများ၏ဆန္ဒကို လျစ်လျူရှုရာရောက်”
11 May
မြန်မာနိုင်ငံအပေါ်အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ ခွဲခြားဆက်ဆံတဲ့လုပ်ရပ်များက ဒီမိုကရေစီနည်းလမ်းတကျ ဆန္ဒမဲပေးခဲ့ကြသော မြန်မာပြည်သူများ၏ သဘောထားကို လျစ်လျူရှုရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၀ ရက်မှာ သဘောထားထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှာ လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်း အာဆီယံနိုင်ငံအချို့က မြန်မာနိုင်ငံ အပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့ပေမယ့် မြန်မာနိုင်ငံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရား များနှင့်အညီ စိတ်ရှည်သည်းခံကာ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါအပြုသဘောမဆောင်တဲ့လုပ်ရပ်များကို အစိုးရသစ်လက်ထက်မှာ ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်း ခြင်းက ပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို စော်ကားရာရောက်ပါတယ်။ အာဆီယံအဖွဲ့ဝင် အချို့နိုင်ငံများက အာဆီယံ ပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ် (၂) ပါ အခြေခံမူများကို ဖောက်ဖျက်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း၊ ဖိအားပေးခြင်းနှင့်တန်းတူကိုယ်စားပြုမှုကို ချန်လှပ်ထားခြင်းများဆောင်ရွက်လျက်ရှိပါတယ်။ အာဆီယံအတွင်း မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ တူညီဆန္ဒမရရှိသေးပေမယ့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်း စီအလိုက် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုများအပေါ် နားလည်မှုရှိရှိထောက်ခံကူညီပေးခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုကို ကျေးဇူးတင် ရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပကတိအခြေအနေများအပေါ်မူတည်၍ မိမိနိုင်ငံနှင့် ကိုက်ညီတဲ့ “မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်”နဲ့သာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံသားများ၏ အခြေခံအခွင့်အရေး၊ အကျိုးစီးပွားများကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန က ပြတ်သားစွာ ထုတ်ပြန်ခဲ့ပါတယ်။ (NVS 008)