“မြန်မာ့ရေထွက်ကုန် ၄၂ နိုင်ငံသို့ တင်ပို့လျက်ရှိ”

08 May

မြန်မာနိုင်ငံအနေနဲ့ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံပေါင်း ၄၂ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး တင်ပို့မှု အတွင်း ရေငန်ထွက်ကုန် ၇၀ ရာခိုင်နှုန်းနှင့် ရေချိုထွက်ကုန် ၃၀ ရာခိုင်နှုန်း ပါဝင်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။ ဒါ့အပြင် ပင်လယ်ပြင်အတွင်း ငါးသယံဇာတများ လျော့နည်းလာခြင်းနှင့် ထုတ်လုပ်စရိတ်မြင့်တက်လာခြင်း တို့ကြောင့် ယခုနှစ်အတွင်း ပင်လယ်ပြင်ဖမ်းဆီးရေးလုပ်ငန်းများ လျော့နည်းလာနိုင်ပြီး ရေငန်ထွက်ကုန် တင်ပို့မှု ကျဆင်းနိုင်ကြောင်း သိရပါတယ်။ လက်ရှိ ပြည်ပနိုင်ငံများမှာ မွေးမြူရေးကဏ္ဍကို အဓိကထား ဖွံ့ဖြိုးလာနေသကဲ့သို့ ပြည်တွင်းမှာလည်း ခေတ်မီမွေးမြူရေးဇုန်များ တိုးချဲ့နိုင်ပါက နိုင်ငံခြားဝင်ငွေ တိုးတက်လာနိုင်မည်ဖြစ်ပြီး ရေထွက်ကုန်ပြတ်လပ်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ခေတ်မီရေလုပ်ငန်း မွေးမြူရေးဇုန်တစ်ခု တည်ထောင်နိုင်ပါက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး ဝင်ငွေရရှိနိုင်မှာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်ရှိ ဧက ၃,၀၀၀ ကျော် ရေနက်ကွင်းမှာ ငါးတန်များကို ခေတ်မီ နည်းပညာနဲ့ မွေးမြူထုတ်လုပ်နေပြီး အမေရိကန်နှင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် စာချုပ်များ ချုပ်ဆိုထားကာ ယခုနှစ်အတွင်း စတင်တင်ပို့နိုင်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရေချိုနှင့် ရေငန်မွေးမြူရေး ကဏ္ဍများကို တိုးချဲ့နိုင်ပါက ပြည်တွင်းစားသုံးမှုကို ဖြည့်ဆည်းနိုင်ရုံသာမက ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေများ စဉ်ဆက်မပြတ် ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

08 May

ADVERTISE HERE .