“ချန်ပီယံလိဂ်ဝင်ခွင့်မရရင် ချဲလ်ဆီးကစားသမားတွေ လစာ ၃၀ ရာခိုင်နှုန်းဝန်းကျင် လျှော့ချခံရမယ်”
07 May
ချဲလ်ဆီးအသင်းက ကစားသမားတွေဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရပါက လစာ ၃၀ ရာခိုင်နှုန်း ဝန်းကျင် လျှော့ချခံရမှာဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။ ချဲလ်ဆီးအသင်းဟာ ကစားသမားအများစုကို နှစ်ရှည်စာချုပ် ချုပ်ဆိုထားရာမှာ အခြေခံလစာနှုန်းထားကို ပြိုင်ဘက်အသင်းတွေလောက် ပေးချေခြင်းမရှိဘဲ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ဆုဖလားအောင်မြင်မှုတွေရရှိမှ တိုးမြှင့်ပေး တဲ့စနစ်ကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ပါက လစာလျှော့ချမယ့် သဘောတူညီချက်လည်း စာချုပ်မှာ ထည့်သွင်းထားတာကြောင့် ချဲလ်ဆီးအသင်းမှာ လစာအများဆုံးရရှိနေတဲ့ ကစားသမားတွေအနေနဲ့ တစ်ပတ်ကို ပေါင် ၃၀,၀၀၀ ကနေ ၄၀,၀၀၀ ကြားအထိ လျှော့ချခံရဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၉)နေရာရောက်ရှိနေပြီး ပြိုင်ပွဲပြီးဆုံးဖို့ ၃ ပွဲအလိုမှာ အဆင့်(၅)နေရာကအသင်းနဲ့ ၁၀ မှတ်ကွာဟနေပြီဖြစ်တာကြောင့် ပုံမှန်အတိုင်းဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာအသင်းက အဆင့်(၅)နေရာမှာ ရပ်တည်ပြီး ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ရင်တော့ အဆင့်(၆)နေရာက အသင်းလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်တာကြောင့် ချဲလ်ဆီးအသင်းမှာ မျှော်လင့်ချက် ရှိနေသေးကြောင်း သိရပါတယ်။ (NVS 008)