“ထိုင်းနိုင်ငံရှိ နစ်နာသူများကို ကူညီပေးရာမှာ အကောင်းဆုံးပူးပေါင်းဆောင်ရွက်တဲ့ “ထူးချွန်အဖွဲ့အစည်း” ဆုကို မြန်မာသံရုံးရရှိ”

07 May

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများအပါအဝင် ထိခိုက်နစ်နာသူများအတွက် တရားမျှတ မှုရရှိအောင် အဖက်ဖက်မှကူညီဆောင်ရွက်ပေးခဲ့သည့် မြန်မာသံရုံး၏ ကြိုးပမ်းအားထုတ်မှုကို ထိုင်းအစိုးရက အသိ အမှတ်ပြုကာ “ထူးချွန်အဖွဲ့အစည်း”(Excellent Organization) ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရပါတယ်။ မေလ ၆ ရက်မှာ နွန်ထဘူရီခရိုင်ရှိ IMPACT FORUM ၌ ထိုင်းတရားရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပတဲ့ “နစ်နာသူများကို လျင်မြန်၊ လွှမ်းခြုံ၍ မျှတစွာကူညီစောင့်ရှောက်ပေးခြင်း ၂၄ နှစ်တာ ခရီးစဉ်” အမျိုးသားအဆင့် အခမ်းအနားတစ်ခုတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Mr. Anutin Charnvirakul ကိုယ်တိုင်တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး၊ တရားရေးစနစ်အောက်မှာ နစ်နာသူများကို ကူညီရာမှာ ထူးချွန်တဲ့ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို ဆုတံဆိပ်များ ပေးအပ်ခဲ့ပါတယ်။ ပြည်ပသံရုံးများအနက် ထိုင်းနိုင်ငံနှင့် အနီးကပ်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြန်မာသံရုံး၊ လာအိုသံရုံးနှင့် တောင်ကိုရီးယားသံရုံးတို့ကိုသာ ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသံရုံး ကိုယ်စား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးမှ တက်ရောက်ကာ ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို လက်ခံရယူခဲ့ ပါတယ်။ မြန်မာသံရုံးအနေနဲ့ ထိုင်းနိုင်ငံအတွင်းအမှုကိစ္စများမှာ ထိခိုက်နစ်နာရတဲ့ မြန်မာနိုင်ငံသားများအတွက် တရားမျှတမှုနှင့် အကူအညီများ အမြန်ဆုံးရရှိအောင် အစဉ်တစိုက် ကြိုးပမ်းနေမှုကြောင့် ယခုကဲ့သို့ ထူးချွန်ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

07 May

ADVERTISE HERE .