“တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားရန် ကုမ္ပဏီအသစ်များကို ဖိတ်ခေါ်”

07 May

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့လိုတဲ့ ကုမ္ပဏီအသစ်များအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ (Expression of Interest – EOI) တင်ပြရန် ဖိတ်ခေါ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ခွင့်ကို မြန်မာနှင့်တရုတ်နိုင်ငံအကြား ချုပ်ဆို ထားသော အပင်ကျန်းမာရေးဆိုင်ရာ သဘောတူစာချုပ်(Sanitary and Phytosanitary – SPS Protocol)ပါ စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်စိစစ်မှတ်ပုံတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယခင်က ခွင့်ပြုထားပြီးသော ကုမ္ပဏီများမပါဝင်ဘဲ ကုမ္ပဏီအသစ်များသာ လျှောက်ထားနိုင်မည်ဖြစ်ပြီး စိတ်ဝင်စားမှုအဆိုပြုလွှာများကို စိုက်ပျိုးရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ (Technical Working Group) ထံမှ ရယူနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ လျှောက်ထားလိုသော ကုမ္ပဏီများအနေနဲ့ Hard Copy နှင့် Soft Copy (Word file) နှစ်မျိုးဖြင့် ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက် နောက်ဆုံးထား၍ တင်ပြလျှောက်ထားရမည်ဖြစ်ပါတယ်။ လျှောက်လွှာများကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ (ရန်ကုန်မြို့) သို့မဟုတ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံး (UMFCCI) တွင် တင်ပြနိုင်ပြီး သက်ဆိုင်ရာ ဝဘ်ဆိုဒ်များမှလည်း ဒေါင်းလုဒ်ရယူနိုင်ကြောင်း သိရပါတယ်။ (NVS 004)

07 May

ADVERTISE HERE .