“စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှုကို Digital စနစ်နဲ့ ထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေ”
07 May
စက်သုံးဆီနှင့်ပတ်သက်ပြီး ဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများမှာ Auto Tank Gauging စနစ်များနှင့် ဆီသယ်ယာဉ်များမှာ GPS စနစ်များ တပ်ဆင်ပြီးစီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှုကို Digital စနစ်နဲ့ ထိန်းချုပ် နိုင်မယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ပြောကြားထားပါတယ်။ မေလ ၄ ရက်က ပြုလုပ်တဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများ အဆင်ပြေ ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချမှုအခြေအနေများ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စက်သုံးဆီသယ်ယူဖြန့်ဖြူးမှု ပိုမိုစနစ်တကျဖြစ်စေရန် Application စနစ်နှင့် QR Code စနစ်များကို အသုံးပြုနိုင်ပြီဖြစ်ရာ စစ်ဆေးရေးဂိတ်များတွင် Scan ဖတ်၍ စစ်ဆေးလျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူလူထုတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရေး လုပ်ငန်းစဉ်များ တည်ငြိမ်လာခဲ့ကြောင်း၊ ဈေးနှုန်းများကိုလည်း မျှတစွာ စီမံဆောင်ရွက်ပေးနိုင်လျက်ရှိကြောင်း ပြည်ထောင်ဝန်စုကြီး က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရေးပါတဲ့ YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့ (CNG) ကို ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ဈေးနှုန်းမပြောင်းလဲဘဲ ရောင်းချပေးလျက်ရှိကြောင်း၊ ၎င်းဈေးနှုန်းမှာ နိုင်ငံတကာနှုန်းနှင့် နှိုင်းယှဉ်ပါက လွန်စွာသက်သာပြီး အာဆီယံနိုင်ငံများအတွင်း အချိုသာဆုံးဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ CNG အသုံးပြုတဲ့ Taxi ယာဉ်များအနေနဲ့ လောင်စာကုန်ကျစရိတ်သက်သာမှုကို ပြည်သူများ ခံစားနိုင်စေရန် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ YBS ယာဉ်များအနေနဲ့ သတ်မှတ်ထားတဲ့ လမ်းကြောင်းများအတွင်းသာ မောင်းနှင်၍ ဝန်ဆောင်မှုပေးနိုင်ရေးကို တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားပါတယ်။ (NVS 004)