“မြန်မာနိုင်ငံရှိ တာဝန်ထမ်းဆောင်လျက်ရှိသော သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်များကို ကုလသမဂ္ဂ(မြန်မာ)က ချီးကျူးဂုဏ်ပြု”
06 May
မေလ ၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများနေ့(Interna tional Day of the Midwife)တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ စိန်ခေါ်မှုများကြားမှ တာဝန်ထမ်းဆောင်နေကြသော သားဖွားဆရာမများ၏ ချီးကျူးဂုဏ်ပြုထိုက်သည့် သတ္တိနှင့်စွမ်းဆောင်ရည်များကို ကုလသမဂ္ဂ(မြန်မာ)က အလေးအနက် ဂုဏ်ပြုမှတ်တမ်း တင်လိုက်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သားဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်ကလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေခဲ့ကြောင်း ဖော်ပြထားရှိပါတယ်။ အဆိုပါ သားဖွားဆရာမများအနေနဲ့ မည်သည့်မိခင်တစ်ဦးတစ်ယောက်မျှ မီးဖွားစဉ်ခံစားရသည့် ဝေဒနာကို တစ်ကိုယ်တည်း ရင်ဆိုင်ရခြင်းမရှိစေရန်နှင့် ဘေးကင်းလုံခြုံစွာမီးဖွားနိုင်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် ပေးနေကြသူများဖြစ်ပြီး ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကိုယ်ဝန်ဆောင်မိခင်ပေါင်း ၄၀၀,၀၀၀ ကျော်မှာ အသက် ကယ်ဆယ်ရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်လျက်ရှိပြီး ထိုသို့သောအခြေအနေတွင် သားဖွားဆရာမများသည် ကျန်းမာရေးဝန်ထမ်းများ အဖြစ်သာမက အားကိုးရာမဲ့နေသူများအတွက် ဘေးကင်းလုံခြုံစွာ ကာကွယ်စောင့်ရှောက် ပေးသူများ၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးသူများနှင့် တစ်ခုတည်းသော မှီခိုအားထားရသူများအဖြစ် တာ ဝန်ယူပေးနေကြကြောင်း ပါရှိပါတယ်။ သားဖွားဆရာမများအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် ကျန်းမာရေးကဏ္ဍတစ်ခုတည်းအတွက် သာမက အမျိုးသမီးများနှင့် မွေးကင်းစကလေးငယ်များ၏ အသက်ရှင်သန်ရေးနှင့် ဂုဏ်သိက္ခာအတွက်ပါ ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် သားဖွားဆရာမများက မိခင်နှင့် ကလေးသေဆုံးမှုကို လျှော့ချ ရာတွင်လည်း အရေးပါဆုံးသော အင်အားစုဖြစ်ပြီး ၎င်းတို့၏အခန်းကဏ္ဍကို အသိအမှတ်ပြုမြှင့်တင်ပေးရန်လည်း တိုက်တွန်းထားရှိပါတယ်။(NVS 004)