“ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းခွဲကျော် တင်ပို့နိုင်ရန်လျာထား”

05 May

ယခုဘဏ္ဍာနှစ်တွင် ပြည်တွင်းမှထွက်ရှိသော ရော်ဘာတန်ချိန် သုံးသိန်းခွဲကျော်ကို ပြည်ပသို့ တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။ ပြည်တွင်းမှထွက်ရှိသော ရော်ဘာများကို နှစ်စဉ် တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယား စတဲ့ နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန်သုံးသိန်းခန့် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရရှိခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ်မှာလည်း ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် သုံးသိန်းခွဲကျော် တင်ပို့နိုင်ရန် လျာထားဆောင်ရွက် လျက်ရှိပါတယ်။ ပြည်တွင်း၌ အရည်အသွေးပြည့်မီသော အဆင့်မြင့်ရော်ဘာများ ထုတ်လုပ်ကာ ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရန် နိုင်ငံအတွင်းရှိ ရော်ဘာလုပ်ငန်းရှင်များကို နိုင်ငံတော်မှချေးငွေများထုတ် ချေးပေးလျက်ရှိပါတယ်။ လက်ရှိ နိုင်ငံတစ်ဝန်း၌ ရော်ဘာစိုက်ဧက တစ်သန်းခြောက် သိန်းကျော်ရှိသည့်အနက် မွန်ပြည်နယ်၌ အများဆုံးစိုက်ပျိုးထားကာ ဒုတိယအများဆုံးမှာ တနင်္သာရီတိုင်းဒေသကြီးနှင့် တတိယအများဆုံးမှာ ကရင်ပြည်နယ် တို့၌ စိုက်ပျိုးလျက်ရှိသလို ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ ဒေသအချို့မှာလည်း ရော်ဘာများစိုက်ပျိုးထားကြောင်း သိရပါတယ်။ (NVS-004)

05 May

ADVERTISE HERE .