“ကြက်ငှက်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဇီဝလုံခြုံမှုမြှင့်တင်ရန် အသိပေးနှိုးဆော်”
05 May
ကြက်ငှက်တုပ်ကွေးရောဂါက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတဲ့ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ်ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများမှာ အထူးသတိပြုကာ ကာကွယ်ထိန်းချုပ်မှုများဆောင်ရွက် ရန်လိုအပ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပေးကြေညာထားရှိပါတယ်။ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် မွေးမြူရေးခြံများတွင် ဇီဝလုံခြုံမှုစနစ်ကို တင်းကျပ်စွာ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပြီး ပိုးသတ်ဆေးဖျန်းခြင်းကို ပုံမှန်ပြုလုပ်ရန်၊ အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ မငှားရမ်းသုံးစွဲရန်နှင့် လူနှင့်ယာဉ်အဝင်အထွက်ကို ထိန်းချုပ်ကန့်သတ်ရန် လိုအပ်ကြောင်း သိရပါတယ်။ ဒါ့အပြင် မွေးမြူရေးခြံအတွင်း အပူချိန်၊ စိုထိုင်းဆနှင့် လေဝင်လေထွက် ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ခြံအတွင်း ဝင်ရောက်ရာတွင် ပါးစပ်နှာခေါင်းစည်းနှင့် လက်အိတ်တို့ကို စနစ်တကျ ဝတ်ဆင်ရန်နှင့် ကြက်၊ ငှက်များကို ကိုင်တွယ်ပြီးချိန်တိုင်းတွင် လက်ဆေးသန့်ရှင်းရေး ပြုလုပ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ အသားနှင့် ဥများကိုလည်း သေချာစွာ ချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပြီး ကြက်၊ ငှက်များ ရုတ်တရက် သေဆုံးမှုများ ဖြစ်ပွားပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများထံသို့ ချက်ချင်းသတင်းပို့ရန် တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ရောဂါကြိုတင်ကာကွယ်ရေးနှင့် စူးစမ်းရှာဖွေရေးလုပ်ငန်းများမှာ သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း အသိပေးထားပါတယ်။ (NVS 004)