“မန္တလေး KBZ Centerမှာ အခမဲ့ကျောက်ကပ်သွေးသန့်စင်ရန် လျှောက်လွှာများ စတင်ထုတ်ဝေ”

05 May

မန္တလေးမြို့ရှိ KBZ Center Mandalay မှာ ငွေကြေးခက်ခဲတဲ့ ကျောက်ကပ်ဝေဒနာရှင်များအတွက် အခမဲ့ကျောက်ကပ်သွေးသန့်စင်ပေးနိုင်ရန် လျှောက်လွှာများကို မေလ ၄ ရက်မှ ၆ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လျှောက်ထားလိုတဲ့ လူနာများက လက်အကြောမွေးထားပြီး အဆိုပါလက်ဖြင့် ကျောက်ကပ်သွေးသန့်စင်မှု အနည်းဆုံး ၃ လနှင့်အထက် ပြုလုပ်ထားသူဖြစ်ရမည့်အပြင် ဘီပိုးနှင့် စီပိုးကင်းစင်သူများဖြစ်ရပါမယ်။ လျှောက်လွှာ ထုတ်ယူရာမှာ လူနာကိုယ်တိုင်ဖြစ်စေ၊ လူနာ၏ ရောဂါအခြေအနေကိုသိရှိတဲ့ မိသားစုဝင်တစ်ဦးဦးကဖြစ်စေ လူနာ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူယူဆောင်ကာ လာရောက်ထုတ်ယူနိုင်ပြီး အဆိုပါလျှောက်လွှာများကို မေလ ၁၈ ရက်မှ ၂၀ ရက်တို့မှာ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ KBZ Center အနေနဲ့ ဖေဖော်ဝါရီလ ၂ ရက်မှ စတင်ကာ စက် ၄ လုံးနဲ့ လူနာ ၂၄ ဦးကို အပတ်စဉ်တနင်္လာမှ စနေနေ့အထိ အခမဲ့ကုသပေးလျက်ရှိရာမှ ယခုအခါထပ်မံရောက်ရှိလာတဲ့ စက် ၁၆ လုံး တပ်ဆင်ပြီးစီးပါက စက်စုစုပေါင်း ၂၀ လုံးနဲ့ တစ်ပတ်လျှင် လူနာ ၁၂၀ ဦးအထိ တိုးမြှင့်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

05 May

ADVERTISE HERE .