“မှတ်ပုံတင်ကိစ္စနှင့်ပတ်သက်၍ တရားမဝင်ဆောင်ရွက်နေတဲ့ အကောင့်အတုများကို သတိပေးထုတ်ပြန်”
05 May
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ဆောင်မှုပေးလျက်ရှိသော အိမ်ထောင်စုလူဦးရေ စာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်ပြားများကို တရားမဝင်အတုအပပြုလုပ်ပေးနေတဲ့ အကောင့်အတု(Fake Account)များကို အများပြည်သူသိရှိနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။ ဖော်ပြပါအကောင့်အတု(Fake Account)များမှ Online တွင်ကြော်ငြာ၍ စာရွက်စာတမ်းအတုများ ထုတ်ပေးလျက်ရှိသဖြင့် အမှုဖွင့်တရားစွဲ ဆောင်ရွက်လျက်ရှိတာကြောင့် ပွဲစားများ၊ အကောင့်အတု(Fake Account) များဖြင့် လုံးဝဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ ကာယကံရှင်ကိုယ်တိုင် လာရောက်ဆောင်ရွက်နိုင်ရန်လည်း မေတ္တာရပ်ခံ အသိပေးထားပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက် များနှင့်အညီ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ကာလအတွင်း ပြည်သူများအတွက် လက်ငင်းဦးစားပေးလုပ်ငန်းအဖြစ် အသက် ၁၈ နှစ်ပြည့်ပြီးပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးတဲ့ နိုင်ငံသားများကို သက်ဆိုင်ရာလဝကရုံးများတွင်လည်းကောင်း၊ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများကို ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် UID ကောက်ယူခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ စာသင်ကျောင်းများမှာလည်းကောင်း လမင်းစီမံချက်နဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်နှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူလက်မှတ်များ ပျက်စီး/ပျောက်ဆုံးမှုများကိုလည်း e-ID စနစ်နဲ့ ပြန်လည် တိုက်ဆိုင်စစ်ဆေး၍ မြို့နယ်အဆင့် ၅ ဦး ကော်မတီဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်များ ပြန်လည်ဆောင်ရွက်ထုတ်ပေးလျက်ရှိကြောင်း သိရပါတယ်။ အချို့သောပြည်သူများက ရုံးလုပ်ငန်းများဆောင်ရွက်တတ်ခြင်းမရှိသဖြင့် ပွဲစားများအသုံးပြုဆောင်ရွက် ခဲ့ရာမလိုလားအပ်တဲ့ ပြဿနာများ၊ စာရွက်စာတမ်းအတုများရရှိခဲ့ကြသဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ကြမည့် ပြည်သူများအနေနဲ့ သက်ဆိုင်ရာလဝကမြို့နယ်ရုံး များသို့ လာရောက်တဲ့အခါ ရုံးများအဝင်ရှိ ဧည့်ကြိုကောင်တာတွင် လဝကဝန်ထမ်းများမှ စိစစ်စာရင်းသွင်းပြီးနောက် အခက်အခဲရှိသည့်ပြည်သူများအတွက် အတူလိုက်ပါပြီး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ အထောက်အထားပြည့်စုံပါက လုပ်ငန်းဆောင်ရွက်မှုကို နေ့ချင်းပြီးဆောင်ရွက်ပေးမည်ဖြစ်သလို အထောက်အထားအချက်အလက်မပြည့်စုံပါက လိုအပ်တဲ့အထောက်အထားများကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံး အချင်းချင်းချိတ်ဆက်ကာ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကာယကံရှင်များအတွက် သိရှိလိုသည်များ၊ ယူဆောင်လာရမည့် အထောက်အထားများနှင့်ပတ်သက်၍ လဝကမြို့နယ်ရုံးအသီးသီး၌ ဗီနိုင်းများချိတ်ဆွဲခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းလည်း သိရပါတယ်။ ပြည်သူများအနေနဲ့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များ၊ လုပ်ငန်းအဆင်မပြေမှုများနှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက ပုံမှာဖော်ပြထားသော ဖုန်းနံပါတ် များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ကြောင်းလည်း အသိပေးနှိုးဆော်တိုက်တွန်းထားပါတယ်။ (NVS 004)