“ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း”

04 May

ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေလ ၃ ရက်က ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်ရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ အမှူးပြုတဲ့ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်ကြီးများမှ ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ယခုလှူဒါန်းတဲ့ ဆဋ္ဌသင်္ဂါယနာတင်အဋ္ဌကထာကျမ်းစာ ၅၁ အုပ် ကွန်ပျူတာစာမူပြုစုခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်ဇန်နဝါရီလမှ စတင်ခဲ့ခြင်းဖြစ်ကာ စာမူစိစစ်ရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ပုံနှိပ်ထုတ်ဝေပြီးစီးခဲ့ပြီး ယခုအချိန်မှာ ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်း စတင်ဆောင်ရွက်လျက်ရှိပြီး ဋီကာကျမ်းစာနှစ်အုပ်ပြီးစီးပြီး ကျန်စာအုပ်များဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နှင့် ပုံနှိပ်ထုတ်ဝေ ပြီးသော အဋ္ဌကထာကျမ်းစာ ၅၁ အုပ်ကို သာသနာရေးဦးစီးဌာနက e-book စနစ်ဖြင့် ဖတ်ရှုနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ယခုပြုစုထုတ်ဝေခဲ့ပြီးဖြစ်တဲ့ ဆဋ္ဌမူကွန်ပျူတာစာစီကျမ်းစာများကို ပရိယတ္တိသာသနာပြန့်ပွားအောင် ဆောင်ရွက်တော်မူကြတဲ့ သံဃာတော်များ၏ စာချစာသင်လုပ်ငန်းများတွင် အထောက်အကူပြုစေရန် ဓမ္မဒါနကုသိုလ် ယူပါဝင်လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

04 May

ADVERTISE HERE .