“နိုင်ငံတော်သမ္မတက ရန်ကုန်မြို့အတွင်း လျှပ်စစ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများ စနစ်တကျဖြစ်စေရေးနှင့် အန္တရာယ်ကင်းရှင်းမှု ရှိစေရေး ဆက်လက်ဆောင်ရွက်သွားရန်မှာကြား”

04 May

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရန်ကုန်မြို့အတွင်း လျှပ်စစ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများ စနစ်တကျဖြစ်စေရေးနှင့် အန္တရာယ်ကင်းရှင်းမှုရှိစေရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း လှိုင်သာယာ မြို့နယ်၊ ဘုရင့်နောင်ပန်းခြံသို့ရောက်ရှိစဥ် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပါတယ်။ အလားတူလမ်းမကြီးများတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျတွက်ချက်ပြီး ဆောင်ရွက်သွားရန်လိုသကဲ့သို့ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်သွားရန်လိုကြောင်း နှင့် ရေမြောင်းများဖောက်လုပ်ရာမှာ ရေစီးဆင်းမှုများ အဆင်ပြေစေရန်အတွက် စနစ်တကျဆောက်လုပ်ရန် လိုအပ်ကြောင်း ပြောကြားပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတက ရေစီးရေလာများကောင်းမွန်မှသာ အနံ့အသက်ဆိုးများထွက်ရှိမှု လျော့နည်းသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ကိုက်ညီကာ သန့်ရှင်းသာယာသည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေး နိုင်မှာဖြစ်လို့ မိုးရာသီသို့ မရောက်ရှိမီ အချိန်မီပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သလို ရန်ကုန်မြို့အတွင်း ရေမြောင်းများပိတ်ဆို့မှုမရှိစေရေးအတွက် ရေဆိုးထုတ်စနစ်များ ကောင်းမွန်အောင် စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားပါတယ်။ ဒါ့အပြင် ရေနုတ်မြောင်းများပိတ်ဆို့မှု မရှိစေရေးအတွက် အမှိုက်စွန့်ပစ်တဲ့ စနစ်များကို စနစ်တကျနဲ့ အဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့ပြဖွံ့ဖြိုး သာယာလှပရေးအတွက်ပါ စနစ်တကျတွက်ချက် ဆောက်လုပ်သွားရန်လိုကြောင်း၊ လမ်းများတိုးချဲ့အဆင့်မြှင့်တင် ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လူသွားလမ်းပလက်ဖောင်းများ စနစ်တကျ ထည့်သွင်းတည်ဆောက်သွားရန်နှင့် ရေနုတ်မြောင်းများကိုလည်း စနစ်တကျထည့်သွင်း ဖောက်လုပ်သွားရန်လိုကြောင်း မှာကြားပါတယ်။ ထို့အတူ ရန်ကုန်မြို့အတွင်း ယာဉ်သွားလာမှုများ ပိုမိုလွယ်ကူလျင်မြန်စွာဖြင့် သွားလာနိုင်ရေးအတွက် လမ်းများတိုးချဲ့အဆင့်မြင့်တင်ခြင်းလုပ်ငန်းများကို စနစ်တကျနဲ့ တွက်ချက်ဆောင်ရွက်သွားရန်နှင့် ယာဉ်များ စနစ်တကျသွားလာနိုင်ရေး လမ်းညွှန်အမှတ်အသားများကို သတ်မှတ်ချက်များနှင့်အညီ ထည့်သွင်းတည်ဆောက် သွားရန်လိုကြောင်းဖြင့်လည်း လမ်းညွှန်မှာကြားခဲ့ပါတယ်။ (NVS 004)

04 May

ADVERTISE HERE .